
၂၀၂၅ ခုနှစ် အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှုသည် ၂၀၂၄ခုနှစ်တွင် ၆၈.၇၅ သိန်းတန်ခန့် ရှိခဲ့ရာမှ ယခုနှစ်တွင် ၆၅.၆၉ သိန်းတန်သို့ အနည်းငယ် လျော့ကျသွားခဲ့ကြောင်းသိရပါသည်။ အဆိုပါတင်သွင်းမှု ၄.၄၅ ရာခိုင်နှုန်း လျော့ကျသွားခြင်းသည် အိန္ဒိယနိုင်ငံအစိုးရက ယခုနှစ် အတွင်း ပဲဝါတင်သွင်းမှု အပေါ် ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ အိန္ဒိယပဲမျိုးစုံနှင့် နှံစားသီးနှံအသင်း (IPGA) မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ပဲဝါလေး တင်သွင်းမှုသည် ၁၂.၉၀ သိန်းတန်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလက ၂၉.၃၉ သိန်းတန်ရှိခဲ့ရာမှ ၅၆ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်းသိရပါသည်။ အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ပဲဝါတင်သွင်းမှူအပေါ် ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် အတွင်း အိန္ဒိယနိုင်ငံသို့ ပဲဝါအများဆုံး တင်ပို့သည့်နိုင်ငံမှာ ကနေဒါနိုင်ငံဖြစ်ပြီး ၈.၈၂ သိန်းတန် တင်ပို့ခဲ့ကြောင်းသိရပါသည်။ ၎င်းနောက်တွင် ရုရှားနိုင်ငံက ၃.၂၁ သိန်းတန်၊ လတ်ဗီးယားနိုင်ငံ က ၃၃,၅၃၂ တန်နှင့် အာဂျင်တီးနားနိုင်ငံက ၂၆,၂၆၁ တန်တို့ဖြင့် အသီးသီး တင်ပိုလျက်ရှိကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံ၏ ကုလားပဲတင်သွင်းမှုသည် ၂၀၂၅ ခုနှစ်အတွင်း ၁၅.၈၁ သိန်း တန်အထိ ရှိခဲ့ပြီး ၂၀၂၄ခုနှစ်တွင်တင်သွင်းခဲ့သော တန်ချိန် ၃.၉၄ သိန်းတန်နှင့် နှိုင်းယှဉ်လျှင် ၃၀၁ ရာခိုင်နှုန်းအထိ အံ့အားသင့်ဖွယ် မြင့်တက်လာခဲ့ကြောင်း သိရပါသည်။ အိန္ဒိယသို့ ကုလားပဲ အဓိက တင်ပို့သည့်နိုင်ငံမှာ သြစတြေးလျနိုင်ငံဖြစ်ပြီး ၁၄.၂၃ သိန်းတန် တင်ပို့ခဲ့ကာ တန်ဇန်းနီး ယားနိုင်ငံက ၁.၄၈ သိန်းတန်နှင့် မြန်မာနိုင်ငံက ၃,၉၃၆ တန်တို့ အသီးသီး တင်ပို့လျက်ရှိကြောင်း သိရပါသည်။ ထို့အတူ ပြည်တွင်းလိုအပ်ချက် မြင့်မားနေခြင်းကြောင့် မတ်ပဲ တင်သွင်းမှုသည်လည်း ၂၀၂၅ခုနှစ်အတွင်း ၄၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းသိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယသို့ မတ်ပဲအများဆုံး တင်ပို့သည့်နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ပြီး ၈.၀၉ သိန်းတန် တင်ပို့ခဲ့ကာ ဘရာဇီးနိုင်ငံက ၂.၃၇ သိန်းတန်ဖြင့် ဒုတိယအများဆုံး တင်ပို့ခဲ့ကြောင်းသိရပါသည်။ ပဲစဉ်းငုံ တင်သွင်းမှုသည်လည်း ယခင်နှစ်က ၁၂.၅၇ သိန်းတန် ရှိခဲ့ရာမှ ၁၃.၂၅ သိန်းတန်သို့ ၅.၄၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်အတွင်း ပဲစဉ်းငုံအများဆုံး တင်ပို့သည့်နိုင်ငံမှာ မိုဇမ်ဘစ်နိုင်ငံဖြစ်ပြီး ၅.၂၀ သိန်းတန် တင်ပို့ခဲ့ကာ မြန်မာနိုင်ငံက ၃.၄၆ သိန်းတန်၊ တန် ဇန်းနီးယားက ၃.၀၂ သိန်းတန်၊ မာလာဝီက ၆၆,၈၀၅ တန်နှင့် ဆူဒန်က ၃၈,၅၂၅ တန် အသီးသီးတင်ပို့ခဲ့ကြောင်း သိရပါသည်။ အခြားပဲမျိုးစုံအုပ်စု တင်သွင်းမှုမှာလည်း ၂၀၂၅ ခုနှစ် အတွင်း ၂.၄၂ သိန်းတန်သာ ရှိခဲ့ပြီး ၂၀၂၄ခုနှစ်တွင် တင်သွင်းမှုပမာဏ ၄.၆၄ သိန်းတန်ရှိခဲ့ရာမှ ၄၈ ရာခိုင်နှုန်းအထိ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း သိရှိရပါသည်။
Source: business line
DOCA(ရန်ကုန်)
