
YADEA Vietnam သည် ပထမအဆင့် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀၀ သန်းကျော်ဖြင့် တည်ဆောက်ထားသော စမတ်ထုတ်လုပ်ရေးစက်ရုံကို မတ်လ ၁ ရက်နေ့က Tan Hung Industrial Park တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် နိုင်ငံအတွင်း အစိမ်းရောင် သယ်ယူပို့ဆောင်ရေးကို မြှင့်တင်ရန်အတွက် Grab Vietnam နှင့် ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ကုမ္ပဏီမှ ဗီယက်နမ်ဈေးကွက်အတွက် ဒီဇိုင်းထုတ်ထားသည့် လျှပ်စစ်မော် တော်ဆိုင်ကယ် မော်ဒယ်အသစ် “YADEA Osta” ကို မိတ်ဆက်ပြသခဲ့ပါသည်။ Neo-Retro စတိုင်ဖြင့် ဒီဇိုင်းထုတ်ထားသော မော်ဒယ်အသစ်သည် တစ်ကြိမ်အားသွင်းလျှင် အများဆုံး ၁၈၀ ကီလိုမီတာအထိ မောင်းနှင်နိုင်ပြီး နည်းပညာရင်းနှီးမြှုပ်နှံမှုနှင့် အသုံးပြုသူအတွေ့အကြုံ တိုး တက်ကောင်းမွန်ရေးအပေါ် YADEA ၏ ရေရှည်ကတိကဝတ်ကို ပြသနေကြောင်း သိရပါသည်။ စက်ရုံသည် ဧရိယာ ၂၃၂,၂၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ပထမအဆင့်တွင် နှစ်စဉ် လျှပ်စစ် ယာဉ် ၁ သန်း ထုတ်လုပ်နိုင်မည်ဖြစ်ကာ အပြည့်အဝလည်ပတ်ပါက နှစ်စဉ် ၂ သန်းကျော် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ စီမံကိန်း၏ ပထမအဆင့်တွင် အလုပ်အကိုင် ၁,၀၀၀ ခန့် ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နောက်ထပ်အဆင့်များတွင် ၃,၀၀၀ အထိ တိုးချဲ့ ခန့်အပ်နိုင်မည်ဖြစ်ကြောင်း သိရပါသည်။ အလိုအလျောက် ထုတ်လုပ်ရေးစနစ်များနှင့် ဒစ်ဂျစ် တယ်စီမံခန့်ခွဲမှုစနစ်များဖြင့် တပ်ဆင်ထားသည့် စက်ရုံသည် Bac Ninh ပြည်နယ်ကို ဒေသတွင်းလျှပ်စစ်နှစ်ဘီးယာဉ် တန်ဖိုးကွင်းဆက်အတွင်း အရေးပါသောနေရာသို့ မြှင့်တင်ပေးနိုင်မည်ဟု မျှော်မှန်းရကြောင်း သိရပါသည်။ ဖွင့်ပွဲတွင် Bac Ninh ပြည်နယ် ပြည်သူ့ကော်မတီ ဒုတိယဥက္ကဋ္ဌ Mai Son က ယင်းစီမံကိန်းသည် ဒေသအစိုးရနှင့် လုပ်ငန်းများအကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုကို ပြသနေကြောင်းနှင့် ပြည်နယ်အနေဖြင့် ခေတ်မီ၊ အစိမ်းရောင်နှင့် တည်တံ့ခိုင်မြဲသော စက်မှုဖွံ့ဖြိုးရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အဆင့်မြင့်နည်းပညာ၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော တန်ဖိုးမြှင့်စီမံကိန်းများကို အထူးအာရုံစိုက်နေကြောင်း ပြောကြားခဲ့ပါသည်။ ဒေသခံခေါင်းဆောင်များက YADEA ၏ ဆက်လက်ရင်းနှီးမြှုပ်နှံမှုသည် Bac Ninh ပြည်နယ်၏ စီးပွားရေးပတ်ဝန်းကျင် အဆင်ပြေကောင်းမွန်မှုကို ပြသနေကြောင်း ပြော ကြားခဲ့ပါသည်။ နှစ်စဉ် ထုတ်လုပ်မှုပမာဏ ၂ သန်းကျော်ရောက်ရှိပြီး ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာဘီလီယံများစွာအထိ ရရှိလာပါက ဒေသဘဏ္ဍာရေးဝင်ငွေကိုသာမက ဘက်ထရီ၊ မော်တာနှင့် လျှပ်စစ်အီလက်ထရောနစ်အစိတ်အပိုင်းများကဲ့သို့ ထောက်ပံ့ရေးကဏ္ဍများ ဖွံ့ဖြိုး တိုးတက်လာစေရန် မျှော်မှန်းရကြောင်း သိရပါသည်။ Bac Ninh ပြည်နယ်သည် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုများ၊ အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်ရေးနှင့် ပွင့်လင်းမြင်သာသော စီးပွားရေးပတ်ဝန်းကျင်တို့ကို ဖန်တီးပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများကို ဆက်လက်ပံ့ပိုး သွားမည်ဟု အတည်ပြုပြောကြားခဲ့ပါသည်။ YADEA Vietnam ၏ အထွေထွေဒါရိုက်တာ Liu Jia က စက်ရုံအသစ်သည် ဗီယက်နမ်နှင့် အရှေ့တောင်အာရှဈေးကွက်များအတွက် ကုမ္ပဏီ၏ ရေရှည်မဟာဗျူဟာတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်းနှင့် စမတ်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းထောက်ပံ့ရေးကွင်းဆက်များ အားကောင်းလာစေရေးနှင့် ဗီယက်နမ်နိုင်ငံ၏ ကာဗွန်ထုတ်လွှင့်မှုသုည ရည်မှန်းချက်တို့ကို ပံ့ပိုးကူညီသွားမည်ဟု ပြောကြားခဲ့ပါသည်။ အခမ်းအနားအတွင်း YADEA နှင့် Grab Vietnam တို့သည် မော်တော်ယာဉ်ငှားရမ်း မောင်းနှင်သူများကို လျှပ်စစ်မော်တော် ဆိုင်ကယ်များ ပြောင်းလဲအသုံးပြုလာစေရန် မဟာဗျူဟာပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် အကျိုးခံစားခွင့် အစီအစဉ်များ မိတ်ဆက်ပေးခြင်းနှင့် စွမ်းရည်တိုးတက်ရန်နှင့် မြို့ပြကာဗွန် ထုတ်လွှင့်မှုလျော့ချရန်အတွက် လုပ်ငန်းလည်ပတ်မှုအချက်အလက်အပေါ် အခြေခံ၍ ထုတ်ကုန်များကို အကောင်းဆုံး တိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
