
အာဂျင်တီးနားနိုင်ငံ၏ အမဲသားတင်ပို့မှုမှ ရရှိသောဝင်ငွေသည် ၂၀၂၅ ခုနှစ်အတွင်း အမေ ရိကန်ဒေါ်လာ ၃.၇ ဘီလီယံ (ကနေဒါ ဒေါ်လာ ၅.၀ ဘီလီယံ) အထိရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က ထက် ၂၂.၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ သမိုင်းတစ်လျှောက်အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့ကြောင်း အာဂျင်တီးနားစီးပွားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့ သည်။ ၂၀၂၅ ခုနှစ်အတွင်း တင်ပို့ခဲ့သည့် အမဲသားပမာဏမှာ (အရိုးပါဝင်သော အလေးချိန်ဖြင့် တွက်ချက်ပါက) စုစုပေါင်း ၈၅၃၁၈၃ တန်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည် ၎င်း၏ အမေရိကန် ပြည်တွင်းရှိကုန်စုံဆိုင်များမှ အမဲသားစျေးနှုန်းများကို လျှော့ချနိုင်ရန်ရည်ရွယ်၍ အာဂျင်တီးနားအမဲသားများအပေါ် အခွန်သက်သာခွင့်ပေးသည့် တင်သွင်းမှုပမာဏ (low tariff imports) ကို လေးဆတိုးမြင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အာဂျင်တီးနားနိုင်ငံသည် အမေရိကန် ပြည်ထောင်စုအပြင် ဥရောပသမဂ္ဂ (EU)၊ တရုတ်နှင့် အစ္စရေးအစရှိသော အဓိကနိုင်ငံတကာ စျေးကွက်များတွင်လည်း ၎င်း၏ရပ်တည်မှုကို ပိုမိုခိုင်မာအောင်လုပ်ဆောင်နိုင်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာ့အမဲသား စျေးနှုန်းများ သည် ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ထိုမြင့်တက်မှုသည် အမဲသားကဏ္ဍသမိုင်းတစ်လျှောက် အမြင့်ဆုံး အမည်ခံစျေးနှုန်း (Naminal level) သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Source : producer.com
DOCA(ရန်ကုန်)
