စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ နယ်တာဝန်ခံသည် (၂၁.၁၁.၂၀၂၂)ရက်နေ့ ‌နံနက် (၁၀:၃၀) အချိန်တွင် အုတ်တွင်းကျေးရွာအုပ်စုရှိ အ-ထ-က ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်ပိုင်ရှင်များ (၂၉၀) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက် ပေးခြင်းများအကြောင်း၊ အခန်း(၁၈)ပါကုန် အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်း၊ စားသုံးသူ ဆိုသည်မှာ ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်း ချခြင်းပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်းကောင်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူစားသုံးရာတွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ အဓိက   ဖတ်ရှု့ရမည်ဖြစ်ကြောင်း၊ ကျောင်းမုန့်ဈေးတန်း အတွင်းရောင်းချနေသော မုန့်ဆိုင် ပိုင်ရှင်များအနေဖြင့်လည်း မိမိတို့ရောင်းချနေသော အသင့်စားမုန့်များအား စားသုံးသူတို့အတွက် ဘေးအန္တရာယ်မဖြစ်စေရေးကို ဦးစားပေးသင့်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း စသည်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေး ဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)