
စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒေသတွင်းစားသောက်ကုန်များ ဘေးကင်း လုံခြုံရေး၊ သန့်ရှင်းမှုရှိစေရေးနှင့် ကုန်အမှတ်တံဆိပ်ပါ အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိစေရန်အတွက် ဒေသထွက် ငှက်ပျောကြော်လုပ်ငန်းများကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ၂၀၂၆ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀၃၀အချိန်က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်(ဒုဦးစီးမှူး)က ဒေသတွင်းထုတ်ကုန်ဖြစ်သည့် ငှက်ပျောကြော်ထုတ်လုပ်ရာ၌ အသုံးပြုသည့် ကုန်ကြမ်းများ၏ အရည်အသွေး၊ သန့်ရှင်းမှုနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ် များကို လေ့လာစစ်ဆေးခဲ့ပြီး ထုတ်ကုန်များကို သန့်ရှင်းစနစ်တကျ ထုတ်လုပ်၊ ထုပ်ပိုး၊ သိုလှောင်ထားရှိမှု ရှိ/မရှိတို့ကို စစ်ဆေးခြင်း၊ ထို့အပြင် ထုတ်ကုန်ထုပ်ပိုးမှုများပေါ်တွင် ဖော်ပြထားသည့် ကုန်အညွှန်းအမှတ်အသားများ မှန်ကန်ပြည့်စုံမှု ရှိ/မရှိ၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံးရက်၊ ပါဝင်ပစ္စည်းများနှင့် သက်ဆိုင်ရာအချက် အလက်များကို စားသုံးသူများ သိရှိနိုင်အောင် ဖော်ပြထားမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းလိုက်နာ ဆောင်ရွက် ရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာ ကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ် များအကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
