ထိုင်းနိုင်ငံတစ်ဝန်း၌ ဆန်ဈေးနှုန်းများ မြင့်တက်လာ

Powered by Drupal

    လူနေမှုစရိတ်ကိုစီမံခန့်ခွဲရန်၊ စိုက်ပျိုးရေးစျေးကွက်ကိုထိန်းညှိရန်နှင့် အမျိုးမျိုးသော စီးပွား ရေး လုပ်ငန်းများကို ကူညီပံ့ပိုးရန် ချမှတ်ထားသည့် ထိုင်းအစိုးရ၏ အဓိက ယန္တရားများကြောင့် ထိုင်းနိုင်ငံ တစ်ဝန်းတွင် ဆန်စျေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့သည်ဟု ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနက ဇန်နဝါရီ ၅ ရက် တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

     လက်ရှိကာလတွင် ထိုင်းနိုင်ငံ၌ ဆန်ဖြူစျေးနှုန်းသည် တစ်တန်လျှင် ထိုင်းဘတ် ၈၀၀၀ (အမေရိကန်ဒေါ်လာ ၂၅၅ ခန့်) အထက်သို့ မြင့်တက်လာခဲ့ပြီး နာမည်ကျော် Hom Mali ဆန်မှာ တစ်တန်လျှင် ၁၄၇၀၀ ဘတ်မှ ၁၆၁၀၀ ဘတ်နှုန်းရှိကာ အချို့ဒေသများတွင် ၁၈၀၀၀ ဘတ်အထိ စျေးနှုန်းဖြစ်ပေါ်လျက်ရှိသည်။ Pathum Thani စပါးစျေးနှုန်းမှာ တစ်တန်လျှင် ဘတ် ၈၀၀၀ မှ ၈၃၀၀ အကြားရှိပြီး ကောက်ညှင်းဆန်မှာ တစ်တန်လျှင် ဘတ် ၇၀၀၀ မှ ၁၀၀၀၀ အကြား စျေးရရှိ နေသည်။ Hom Mali စပါးသည် စျေးနှုန်းမြင့်တက်မှု အများဆုံးဖြစ်ပြီး တစ်တန်အပေါ် ဘတ် ၁၀၀၀ အထိ မြင့်တက်ခဲ့ကာ အခြားစပါးစျေးနှုန်းများမှာလည်း တစ်တန်လျှင် ၄၀၀ ဘတ် ပိုမိုလျက် ယခုရာသီအတွင်း ဈေးနှုန်းအမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့သည်။

     အမျိုးသား ဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီ (NRPMC) ၏ လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်မှုမှ ရလဒ်အဖြစ် ယခုကဲ့သို့ တိုးတက်ကောင်းမွန်လာခြင်းဖြစ်သည်ဟု အဆိုပါ ဦးစီးဌာနက ပြောကြားခဲ့သည်။ ယင်းလုပ်ငန်းစဉ်များတွင် ပြည်နယ် (၃၂) ခု၌ လုပ်ဆောင်ခဲ့သော ဆန်စျေးကွက်အတွင်း ဝင်ရောက် ထိန်းညှိပေးသည့် စီမံကိန်းပေါင်း ၅၀ ကျော် ပါဝင်သည်။ အဆိုပါ ဦးဆောင်လှုပ်ရှားမှုများကြောင့် စီးပွားရေးလုပ်ငန်းရှင်များသည် တောင်သူများထံမှ တိုက်ရိုက် ဝယ်ယူနိုင်ခဲ့ကြပြီး ဝယ်ယူသည့်စျေးနှုန်းမှာလည်း ယေဘုယျ စျေးကွက်ပေါက်စျေးထက် တစ်တန် လျှင် ပျမ်းမျှ ဘတ် ၂၀၀ မှ ၄၀၀ အထိ ပိုမိုမြင့်မားခဲ့ကြောင်း သိရသည်။

     ပြည်တွင်းကုန်သွယ်ရေး ဦးစီးဌာနသည် ဈေးနှုန်းကစားမှုကို တားဆီးရန်နှင့် တောင်သူများ အတွက် သင့်တင့်မျှတသော ဝင်ငွေရရှိစေရန်အတွက် စပါးရောင်းချမှုကို ခေတ္တဆိုင်းငံ့ထားခြင်း၊ အခြားဒေသများ၌ ကုန်စုဆောင်းမည့်နေရာများ သတ်မှတ်ပေးခြင်းတို့အပြင် တိရစ္ဆာန်အစာသုံး ပြောင်း၊ ပီလောပီနံ၊ ဆန်နှင့် ဆီအုန်းကဲ့သို့သော အဓိက စိုက်ပျိုးရေးကုန်စည်များကို စစ်ဆေးကြပ် မတ်မှု တိုးမြှင့်ခြင်း စသည့် ထပ်ဆောင်းလုပ်ငန်းစဉ်များကိုလည်း ဖော်ဆောင်လျက်ရှိပါသည်။

     တစ်ချိန်တည်းမှာပင် ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသည် ထိုင်းစိုက်ပျိုးရေးထွက်ကုန် များ၏ တန်ဖိုးကို မြှင့်တင်ရန်အတွက် ‘DIT X MasterChef Thailand’ ကဲ့သို့သော စီမံကိန်းများ ကိုလည်း အကောင်အထည်ဖော်လျက်ရှိသည်။ ယင်းစီမံကိန်းသည် ဒေသထွက်ကုန်ကြမ်းများကို တန်ဖိုးမြင့် ထုတ်ကုန်များအဖြစ် အဆင့်မြှင့်တင်ရန် ရည်ရွယ်ပြီး၊ ထုတ်လုပ်သူများနှင့် ခေတ်မီ လက်လီ အရောင်းဆိုင်များ၊ စက်သုံးဆီဆိုင်များကို ချိတ်ဆက်ပေးခြင်းဖြင့် ဖြန့်ဖြူးရေး လမ်း ကြောင်းများကို ချဲ့ထွင်ပေးလျက်ရှိသည်။

    ထို့အပြင် နယ်စပ်ဒေသရှိ အသေးစား စီးပွားရေးလုပ်ငန်းများအတွက်မူ ပြည်ပစျေးကွက် များနှင့် ချိတ်ဆက်နိုင်ရန် ကူညီပေးခဲ့ပြီး စာတိုက်လုပ်ငန်းမှတစ်ဆင့် သယ်ယူပို့ဆောင်ရေး စရိတ်များကို ထောက်ပံ့ပေးခြင်းနှင့် အွန်လိုင်းမှ ဈေးရောင်းချခြင်းလမ်းကြောင်းများ ချဲ့ထွင်နိုင်ရန် TikTok နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: Vietnam Plus, 07/01/2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)