“စဉ့်ကိုင်မြို့နယ်၌ မိုးနှောင်း ချည်မျှင်ရှည်ဝါများအောင်မြင်ဖြစ်ထွန်း”

Powered by Drupal

          မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် စပါး၊ပဲ၊ပြောင်း၊ကြက်သွန်နှင့်ငရုတ် သီးနှံများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး လူတို့အသုံးအဆောင်ဖြစ်သော အဝတ်အထည်များ ယက်လုပ်ရန်အတွက် ဝါသီးနှံကိုလည်းစိုက်ပျိုးလျှက်ရှိပါသည်။ ခရိုင်အတွင်း မိုးနှောင်းဝါ စိုက်ဧက (၂၀၇၇၃)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း၊ စဉ့်ကိုင်မြို့နယ်တွင် မိုးနှောင်းဝါစိုက်ပျိုးဧက (၈၁၁၇) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ဝါစိုက်ပျိုး သောရွာများမှာ ပင်ချား၊ တောင်ဦးကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ဝါစိုက်ပျိုးမှု အနေဖြင့် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးကျကြောင်း ၊ မျိုးအနေဖြင့် ငွေချည်-၆ ၊ ရွှေတောင် - ၈ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးထုပ်(၂-၃)ထုပ်အထိ ကုန်ကျ ကြောင်း၊ မျိုး(၁) ထုပ်စျေးနှုန်းအနေဖြင့် (၆၄၀၀၀-၆၉၀၀၀)ကျပ် စျေးဖြင့်ဝယ်ယူ စိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၅၀၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် ပိဿာ(၃၀၀-၄၀၀) ခန့် ထွက်ရှိခဲ့ပြီး ဝါ(၁)ပိဿာလျှင် (၃၂၀၀/-) ကျပ်ဖြင့် ရောင်းချခဲ့သောကြောင့် စိုက်ပျိုးစရိတ်နှုတ်ပြီး (၆၂၀၀၀၀/-) ကျပ်ဝန်းကျင်ခန့် မြတ်ခဲ့ကြောင်း၊ ဝါစျေးနှုန်းအနေဖြင့် ယခုလက်ရှိပေါက်စျေး ဝါအသစ် (၁)ပိဿာ လျှင်(၃၅၀၀-၃၈၀၀)ကျပ်၊ ဂွမ်းအသစ် (၁)ပိဿာလျှင် (၈၉၀၀-၉၀၀၀)ကျပ်၊ အရည်အသွေး ကောင်းမွန်သော ဝါအသန့်(၁)ပိဿာလျှင်(၄၀၀၀/၄၂၀၀)ကျပ်၊ ဂွမ်းအကောင်း(၁) ပိဿာလျှင် (၉၉၀၀-၁၀၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ဝါထွက်ပေါ်ချိန်တွင် စျေးကွက်အနေဖြင့် မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် ဝါစက်များ၊ ချည်မျှင်ယက်ကန်းရုံများနှင့် မန္တလေးစက်မှုဇုံ(၁)သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ဝါအထွက်နှုန်း ကောင်းမွန်ရန်နှင့် တောင်သူအကျိုး အမြတ်ပိုမိုဖြစ်ထွန်းရန်အတွက် မျိုးရိုးဗီဇ မှန်ကန်‌သောမျိုးများ နှင့် စုပ်စားပိုးဒဏ်ခံနိုင်သောမျိုးများ အာမခံချက်ပေးနိုင်ရန် သက်ဆိုင်ရာဌာန၏ ပံ့ပိုးမှုများ လိုအပ်လျှက်ရှိကြောင်း ဝါစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)