တောင်ငူမြို့နယ်အတွင်းရှိ ဖရဲသီးဈေးကွက်

Powered by Drupal

  ဖရဲသီးသည် လူတိုင်းလိုလိုကြိုက်နှစ်သက်သောအသီးဖြစ်ပြီး ဖရဲသီးလေးစားလိုက်လျှင် ရင်ထဲ အေးမြသွားပြီး အမောပြေစေနိုင်ပါသည်။ ဖရဲသီးသည် အရသာချိုမြိန်ပြီး ရေဓာတ်ပြည့်ဝသော အသီး ဖြစ်သည့်အပြင် ကျန်းမာရေးအတွက်လည်း အကျိုးပြုစေနိုင်သော အာဟာရဓာတ်များစွာ ပါဝင်ပါသည်။ ဖရဲသီးတွင် ရေဓာတ် ၉၀ရာခိုင်နှုန်းပါဝင်သောကြောင့် အထူးသဖြင့် ပူပြင်းသောရာသီတွင် ခန္ဓာကိုယ် အတွက်လိုအပ်သော ရေဓာတ်ကို အမြန်ဆုံးဖြည့်တင်း ပေးနိုင်ပါသည်။

  မြန်မာနိုင်ငံတွင် ဖရဲသီးကို နေရာအနှံ့အပြားတွင်စိုက်ပျိုးကြသော်လည်း စီးပွားဖြစ်အများဆုံး စိုက်ပျိုးသောဒေသမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်ဘက် တွင်လည်း စိုက်ပျိုးကြသည်။ ဖရဲသီးကို ပုံစံအမျိုးမျိုးတွေ့ရသော်လည်း ဈေးကွက်ဝင်သော ဖရဲသီးများသည် အခွံပါးပြီး အသားထူကာ အချိုဓာတ်မြင့်မားပြီး အစေ့နည်းသော မျိုးစပ်ဖရဲသီးများဖြစ်ကာ ယင်းဒေသများသည် ဈေးကွက်ဝင် ဖရဲသီးများကို အဓိကစိုက်ပျိုးကြပြီး ပြည်တွင်းဈေးကွက်အပြင် ပြည်ပဈေးကွက်သို့ပါ တင်ပို့ရောင်းချလျက်ရှိသောကြောင့် ဖရဲစိုက် တောင်သူများအတွက် စီးပွားဖြစ်ကာ ဈေးကောင်းရလျက်ရှိသည်။

  ရှမ်းပြည်နယ်မှထွက်ရှိသော ဖရဲသီးများသည် အိမ်နီးချင်းနိုင်ငံ၊ နယ်စပ်ပို့ကုန် ဈေးကွက် ဖြစ်သောတရုတ်နိုင်ငံအတွက် ဝယ်လိုအားအလွန်များပြီး  နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် အလွယ်တကူ ချိတ်ဆက်နိုင်သောကြောင့် ရှမ်းပြည်နယ်သည် ပြည်တွင်းပြည်ပဈေးကွက်အတွက် အလွန်အရေးပါလှသော ဒေသတစ်ခုလည်းဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် အတွင်းရောင်းချနေသော ဖရဲသီးများသည် ရှမ်းပြည်နယ်ဘက်မှ ထွက်ရှိသော ရှည်မျောမျော ဖရဲသီးမျိုးဖြစ်ပြီး ဖရဲသီးတစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)