တောင်ငူမြို့ရှိဆေးဖက်ဝင်မြင်းခွာရွက်၏ ဈေးနှုန်း/စျေးကွက်

Powered by Drupal

     တောင်ငူမြို့ ဈေးများတွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ရောင်းချလျက်ရှိရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးဘက်မှ မြင်းခွာရွက်များကို မှာယူရောင်းချလျက်ရှိနေသည်။ မြင်းခွာရွက်သည် ရေအိုင်ရေစပ်များနှင့် အအေးပိုင်ဇုန်များတွင်  နေရာအနှံ့အပြားတွင် သဘာဝ အလျောက်ပေါက်ရောက်တက်သော မြေလျှောက်နှစ်ရှည်ခံ တွားသွားပင်မျိုးဖြစ်သည်။ အရွက်သည် မြင်းခွာပုံသဏ္ဍာန်နှင့် ဆင်တူသောကြောင့် မြင်းခွာရွက်ဟု ခေါ်ကြသည်။

     မြင်းခွာရွက်ရိုးရိုး၊အညာမြင်းခွာ၊ကုလားမြင်းခွာ၊ဆေးမြင်းခွာဟူ၍ရှိပါသည်။ ဆေးမြင်းခွာသည် အခြားမြင်းခွာများထက် အရွယ်အစားအလွန်သေးငယ်သည်။မြင်းခွာရွက်ကို ဟင်းချိုချက်စားခြင်း၊ သုပ်စားခြင်းဖြင့် စားသုံးလေ့ရှိကြသလို ရေစင်စင်ဆေးကာ အစိမ်းလိုက် အတို့အမြှုပ်ဖြင့်လည်း စားသုံး ကြသေးသည်။  အရသာမှာ အတန်ငယ် ဖန်ခါးသောကြောင့် ခံတွင်းရှင်းကာ ခံတွင်းမြိန်စေသည်။

          မြင်းခွာရွက်ကို စားသုံးပေးခြင်းဖြင့် အာရုံကြော ဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်တိုးတက်စေခြင်း၊ သွေးလည်ပတ်မှု အားကောင်းစေခြင်း၊ သွေးတွင်းမှ သကြားဓာတ်ကို ထိန်းပေးခြင်း၊ စိတ်ဖိစီးမှုကို ပြေလျော့စေခြင်း၊ အဆစ်အမြစ်နာကျင်မှုနှင့် အရေးပြားရောဂါများကို  သက်သာစေခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများစွာ ရရှိသည့် အတွက် မြင်းခွာရွက်ကို စားသုံးသင့်သည်။

          တောင်ငူမြို့ ညောင်ပင်လေးဈေးရှိ ဟင်းရွက်သည်များသည် ရန်ကုန်မှ မှာယူရောင်းချသော မြင်းခွာရွက် အပင် ၁၀၀ ခန့်ပါ ၁ စည်းလျှင် ၃၀၀ ကျပ်၊ ၂ စည်း ၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)