၂၀၂၅ ခုနှစ်ကုန်တွင် အလုပ်အကိုင် ၃ သန်းဖန်တီးပေးနိုင်မည့် အင်ဒိုနီးရှား၏ ဦးစားပေးပရိုဂရမ် ၅ ခု

Powered by Drupal

        အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က အစိုးရ ၏ ဦးစားပေးပရိုဂရမ် ၅ ခုသည် နိုင်ငံတစ်ဝှမ်းအလုပ်အကိုင် ၃ သန်းကျော်ဖန်တီးနိုင်ရန် မျှော်မှန်း ရကြောင်း ပြောကြားခဲ့ပါသည်။ ထိုပရိုဂရမ် ၅ ခုသည် ကျေးရွာသမဝါယမအသင်းများ၊ ငါးဖမ်း ကျေးရွာများ၊ ငါးကန်များပြန်လည်အသက်ဝင်ရေး၊ အသေးစားစိုက်ပျိုးရေးနှင့်ငါးဖမ်းရေယာဉ်များ ခေတ်မီရေးတို့ဖြစ်ကြောင်း သိရပါသည်။ စက်တင်ဘာလ ၁၅ ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Hartarto က ထိုပရိုဂရမ်များကို သမ္မတ Prabowo Subianto နှင့် ကန့်သတ်အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း‌‌ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်တွင် ကျေးရွာသမဝါယမအသင်းများ ပရိုဂရမ်တစ်ခုတည်းတွင် အလုပ်အကိုင် ၆၈၁၀၀၀ နှင့် ၁ သန်းကြားနှင့် ငါးဖမ်းကျေးရွာ ၁၀၀၀ တည်ထောင်ခြင်းက အလုပ်အကိုင် ၉၀၀၀ ပတ်လည်ဖန်တီးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ရေရှည်တွင် အလုပ်အကိုင် ၂၀၀၀၀၀ ဖန်တီးပေးနိုင်သည့် ငါးဖမ်းကျေးရွာ ၄၀၀၀ ရှိလာမည်ဟု သိရပါသည်။ ဂျာဗားကျွန်း မြောက်ဘက် ကမ်းရိုးတန်းတွင် ငါးမွေးမြူရေးကန်များပြန်လည်အသက်ဝင်စေရန် ဆောင်ရွက်ခြင်း က အလုပ် အကိုင် ၁၆၈၀၀၀ နှင့် ငါးဖမ်းရေယာဉ်ခေတ်မီစေရေး ပရိုဂရမ်က အလုပ်အကိုင် ၂၀၀၀၀၀ ဖန်တီး နိုင်ရန်မျှော်မှန်းရကြောင်း သိရပါသည်။ ခေတ်မီစေရေးပရိုဂရမ်တွင် တန် ၃၀ တင်ဆောင်နိုင်သော ရေယာဉ် အစီး ၁၀၀၀၊ တန် ၁၅၀ တင်ဆောင်နိုင်သောရေယာဉ် အစီး ၂၀၀၊ တန် ၂၀၀ တင်ဆောင် နိုင်သောရေယာဉ် အစီး ၂၀၀၊ တန် ၃၀၀ တင်ဆောင်နိုင်သောရေယာဉ် အစီး ၁၇၀၊ တန် ၆၀၀ တင်ဆောင်နိုင်သောရေယာဉ် အစီး ၁၀ နှင့် တန် ၂၀၀၀ တင်ဆောင်နိုင် သော ရေယာဉ် ၂ စီးတို့ ပါဝင်ကြောင်း သိရပါသည်။ Hartarto က အစိုးရသည် အသေးစား စိုက်ပျိုးမြေ ၈၇၀၀၀၀ ဟတ်တာကို သကြား၊ ကိုကိုး၊ အုန်းသီး၊ ကော်ဖီ၊ သီဟိုဠ်စေ့နှင့် ကွမ်းသီး အစရှိသည့် အဓိကကုန် ပစ္စည်းများပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ပြီး ထိုပရိုဂရမ်သည် အလုပ်အကိုင် ၁.၆ သန်း ကျော် ဖန်တီးနိုင်ရန်မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)