
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်းရှိ ကုလားပဲဆံနှင့် ကုလားပဲလုံး ဈေးကွက်များသည် ဩဂုတ်လ တတိယပတ်အတွင်း ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ဟင်္သာတခရိုင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပဲမျိုးစုံ စိုက်ပျိုးမှုအများဆုံး ခရိုင်တစ်ခုဖြစ်ပြီး ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ကုလားပဲ (၂၅,၀၀၀) ဧကခန့် စိုက်ပျိုးထုတ်လုပ် လျက်ရှိကြောင်း သက်ဆိုင်ရာဌာနများ၏ စာရင်းများအရ သိရသည်။
ဒေသထွက်ကုလားပဲများကို ပြည်တွင်းဈေးကွက်သို့ တင်ပို့ရောင်းချသည့်အပြင် ပဲခွဲစက် များဖြင့်ခွဲ၍ ကုလားပဲဆံများ ထုတ်လုပ်ရောင်းချမှုများလည်း ရှိကြောင်း သိရသည်။ စက်တင် ဘာလ တတိယပတ်အတွင်း ဟင်္သာတမြို့နယ်ဈေးကွက်ရှိ ကုလားပဲဈေးနှုန်းများ(ခန့်မှန်း) ကုလားပဲဆံ (၁)ပြည် - ကျပ် ၈,၃၀၀ ၊ ကုလားပဲဆံ (၁)တင်း - ကျပ် ၁,၃၂,၈၀၀ ၊ ကုလားပဲလုံး (၁)ပြည် - ကျပ် ၆,၀၀၀ ၊ ကုလားပဲလုံး (၁)တင်း - ကျပ် ၉၆,၀၀၀ ဖြစ်ပြီး ဈေးနှုန်းများမှာ ကုလားပဲ၏အရည်အသွေး၊ အဆင့်အတန်းနှင့် ရောင်းသည့်နေရာဒေသအလိုက် အနည်းငယ် ကွဲပြားမှုရှိနိုင်ကြောင်း သိရပါသည်။
ဟင်္သာတမြို့နယ်အတွင်း ကုလားပဲဆံများကို တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ အဓိကဝယ်ယူကြပြီး ကုလားပဲလုံးများကို ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ အဓိကဝယ်ယူကြောင်း သိရသည်။
ယခုလက်ရှိတွင် ဈေးကွက်အတွင်း ကုလားပဲဆံနှင့် ကုလားပဲလုံးများ ဝင်ရောက်မှုနှုန်းမှာ ပုံမှန်ဖြစ်ပြီး ဝယ်လိုအားလည်း ပုံမှန်ရှိသောကြောင့် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)