ဂျာမဏီ၌ ကျင်းပမည့် ကုန်စည်ပြပွဲတွင် ကမ္ဘောဒီးယား ဆန်ကုမ္ပဏီများ ပါဝင်ပြသမည်

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးအသင်းချုပ် (CRF) မှ ဥက္ကဋ္ဌ Lay Chhun Hour ဦးဆောင် လျက် CRF အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (ARDB) မှ ကိုယ်စား လှယ်များနှင့် Khmer Enterprise (KE) တို့မှလုပ်ငန်းရှင်များ ပါဝင်သောအဖွဲ့သည် အောက်တိုဘာ ၄ ရက်မှ ၈ ရက်နေ့အထိ ဂျာမနီနိုင်ငံ Cologne မြို့၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ စားသောက် ကုန် လုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ ANUGA 2025 သို့ သွားရောက်ပါဝင်ပြသမည်ဖြစ်သည်။

          CRF ၏ သတင်းထုတ်ပြန်ချက်အရ ကိုယ်စားလှယ်အဖွဲ့တွင် CRF အဖွဲ့ဝင် ဆန်တင်ပို့ ရောင်းချသည့် ကုမ္ပဏီ ၁၃ ခု အပါအဝင် အဖွဲ့အစည်း ၁၆ ခုမှ ကမ္ဘောဒီးယား ကိုယ်စားလှယ် ၄၅ ဦး ပါဝင်မည်ဖြစ်ပြီး ARDB နှင့် KE တို့မှ ကိုယ်စားလှယ်များလည်း ပါဝင်မည်ဖြစ်သည်။

          ကမ္ဘောဒီးယားသည် အဆိုပါပွဲသို့ ၂၀၂၃ ခုနှစ်တွင်လည်း တက်ရောက်ခဲ့ပြီး ယခု ဒုတိယ အကြိမ်မြောက် တက်ရောက်ခြင်းဖြစ်သည်။ CRF သည် ယခုနှစ် ပြပွဲကျင်းပသော Koelnmesse Exhibition Center ရှိ ခန်းမအမှတ် Hall 2.1 တွင် ၉၆ စတုရန်းမီတာ အကျယ်အဝန်းရှိသော  ကမ္ဘောဒီးယားနိုင်ငံပြခန်းကို လှပသောဒီဇိုင်းများဖြင့် စီစဉ်ထားရှိခဲ့သည်။ အဆိုပါပြပွဲ၌ ၎င်းတို့၏ ပူးပေါင်းပါဝင်မှုကို ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပံ့ပိုးပေး ခြင်းဖြစ်ပါသည်။

          ANUGA ကုန်စည်ပြပွဲကို ၁၉၁၉ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစားအသောက်နှင့် အဖျော်ယမကာလုပ်ငန်းမှ ကျွမ်းကျင်သူများနှင့် အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသူများအတွက် အဓိက ကျသည့် ကမ္ဘာလုံးဆိုင်ရာ စင်္ကြန်တစ်ခုအဖြစ် တိုးတက်ပြောင်းလဲလာခဲ့သည်။

          အဆိုပါပြပွဲ၏ Eurofine Rice Conference 2025 ညီလာခံဆွေးနွေးပွဲ အစီအစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံ၏ ဆန်စပါးကဏ္ဍ တိုးတက်မှုအကြောင်းကို Mr. Chun Hour က ရှင်းလင်း တင်ပြမည်ဖြစ်သည်။ ၎င်းသည် ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့သော ဆန်စပါးထုတ်လုပ်မှုစင်္ကြန် (Sustainable Rice Platform (SRP) Global) ဆွေးနွေးပွဲအစီအစဉ်သို့လည်း တက်ရောက်မည် ဖြစ်ပြီး ကမ္ဘောဒီးယား၏ ရေရှည်တည်တံ့သော ဆန်စပါးထုတ်လုပ်မှု  ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ် များကို ဆွေးနွေးမည်ဖြစ်သည်။ ထို့အပြင် ကိုယ်စားလှယ်အဖွဲ့သည် အီတလီနိုင်ငံ၊ မီလန်မြို့တွင် ရုံးစိုက်သည့် ဥရောပ၏ အကြီးဆုံး ဆန်တင်သွင်းသူနှင့် ဖြန့်ဖြူးသူများအနက် တစ်ခုအပါအဝင်ဖြစ် ‌သော Euricom ကုမ္ပဏီနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ဆန် ၄၇၂,၈၀၃ တန်ကို နိုင်ငံများနှင့် နယ်မြေဒေသပေါင်း ၆၆ ခုသို့ တင်ပို့ခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၃၄၈ ဒသမ ၁၈ သန်း ဝင်ငွေ ရရှိခဲ့ကြောင်း CRF ၏ အဆိုအရ သိရသည်။ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ် ပါက ပို့ကုန်ပမာဏအရ ၁၄ ဒသမ ၇၅ ရာခိုင်နှုန်း (၄၁၂၀၂၃ တန်) တိုးတက်လာပြီး ဝင်ငွေအရ ၁၄ ဒသမ ၁ ရာခိုင်နှုန်း (ဒေါ်လာ ၃၀၅.၁၅ သန်း) တိုးတက်ခဲ့ကြောင်း သိရပါသည်။

          လွန်ခဲ့သည့် ရှစ်လအတွင်း ကမ္ဘောဒီးယားသည် အိမ်နီးချင်းနိုင်ငံများသို့ ဆန် ၈၄၈,၈၃၅ တန် တင်ပို့လျက် ဝင်ငွေ ဒေါ်လာ ၁၁၄ ဒသမ ၂၅ သန်း ရရှိခဲ့ရာ ယခင်နှစ် အလားတူကာလတွင် တန်ဖိုး  ‌ဒေါ်လာ ၉၁.၁၆ သန်းရှိသော ဆန် ၃၃၁,၅၉၂ တန် တင်ပို့ခဲ့မှုထက် ပိုမိုလျက် စံချိန်တင် ရရှိခဲ့ကြောင်း သိရပါသည်။

Source: Phnom Penh Post , 26 September 2025

(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)