
ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကလောမြို့နှင့်ညောင်ရွှေမြို့တို့မှ စိုက်ပျိုး ထွက်ရှိသော သီးနှံတစ်ခုဖြစ်ပြီး ကလောမြို့သည် ဂေါ်ရခါးသီးစိုက်ပျိုးရေးအတွက် အဓိက အချက်အချာ ကျသော မြို့လည်းဖြစ်သည်။ ရှမ်းပြည်နယ်ဘက်တွင် ဂေါ်ရခါးသီးကို မိုးရာသီဖြစ်သော ဇွန်လနှင့် ဇူလိုင်လများတွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာလနှင့်အောက်တိုဘာလများတွင် ခူးယူ၍ရရှိပါသည်။ ဆောင်းရာသီဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင်လည်း စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့်မတ်လ တွင် အသီးများရင့်မှည့်လာကာ ဂေါ်ရခါးသီး အဓိကထွက်ရှိသည့်ကာလမှာ စက်တင်ဘာလနှင့်မတ်လ အတွင်းဖြစ်ပါသည်။
ကလောမြို့နှင့်တောင်ကြီးမြို့များတွင် ဂေါ်ရခါးသီးကို တောင်စောင်းစိုက်ခင်းများ၌ အများဆုံး စိုက်ပျိုးကြပြီး ရေသွင်းရေထုတ်ကောင်းမွန်သည့်ဒေသများဖြစ်သောကြောင့် အသီးထွက်နှုန်း မြင့်မားလှသည်။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်ရှိ ဈေးများအတွင်း ရောင်းချနေသော ဂေါ်ရခါးသီးများသည် ကလောမြို့မှ သယ်ယူရောင်းချလျက်ရှိပြီး ဂေါ်ရခါးသီး ၁ လုံးလျှင် ၅၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်းသိရသည်။
DOCA(ပဲခူး)