ဘတ်ငွေတန်ဖိုး မြင့်တက်မှု လျှော့ချနိုင်ရေး လုပ်ဆောင်ရန် ထိုင်းဆန်ကုန်သည်များ တောင်းဆို

Powered by Drupal

     ထိုင်းဆန်၏ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းနှင့် လယ်သမားများ၏ ဝင်ငွေရရှိမှုတို့ကို ကာကွယ်ပေးရန် ကြိုးပမ်းမှုအဖြစ် ဘတ်ငွေတန်ဖိုး တည်ငြိမ်စေရေးအတွက် လက်တွေ့ကျသော အစီအမံများကို ထုတ်ပြန်ဆောင်ရွက်ရန် အစိုးရနှင့် ထိုင်းဗဟိုဘဏ်တို့အား ထိုင်းဆန်တင်ပို့ရောင်းချသူများ အသင်းက တောင်းဆိုလျက်ရှိသည်ဟု ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြပါသည်။

     အဆိုပါအသင်း၏ ဥက္ကဋ္ဌ Charoen Laothammatas က အစိုးရနှင့် ဗဟိုဘဏ်တို့အနေဖြင့် ဘတ်ငွေ အလွန်အမင်း ခိုင်မာအားကောင်းလာခြင်းမှ ကာကွယ်ရန် အရေးပေါ်စီမံဆောင်ရွက်မှု များ ပြုလုပ်သင့်ကြောင်း၊ ငွေကြေးတည်ငြိမ်မှုကို ခိုင်မာစေပြီး အတက်အကျပြောင်းလဲလွယ်မှုကို လျှော့ချလျက် ပိုမို၍ ဈေးကွက်ယှဉ်ပြိုင်နိုင်သည့်အဆင့်၌ ရှိစေရေးအတွက် ငွေကြေးတန်ဖိုး ချိန်ညှိ ရမည်ဖြစ်ကြောင်း၊ လက်ငင်းအရေးယူဆောင်ရွက်မှုများ မရှိပါက အားကောင်းပြီး အတက်အကျ ရှိသည့် ဘတ်ငွေသည် ထိုင်းဆန်၏ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းနှင့် တောင်သူများ၏ ဝင်ငွေ ကို ထိခိုက်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယခုနှစ်တွင် ထိုင်းဘတ်ငွေသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်းကျော် တန်ဖိုးမြင့်တက်ခဲ့ချိန်၌ အိန္ဒိယ၊ ဗီယက်နမ်နှင့် ပါကစ္စတန်ကဲ့သို့သော အဓိက ဆန်တင်ပို့သည့် နိုင်ငံများ ငွေကြေးများမှာ တန်ဖိုးကျဆင်းလျက်ရှိခဲ့သည်။ ဤအခြေအနေက ဈေးကွက်အတွင်း ထိုင်းနိုင်ငံနှင့် ၎င်း၏ပြိုင်ဘက်များအကြား ငွေလဲနှုန်းကွာဟချက်သည် ၁၀ ရာခိုင်နှုန်းကျော်ဖြင့် သိသာစွာ ခြားနားမှုဖြစ်စေကြောင်း၊ အကယ်၍ ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်နှင့် ပါကစ္စတန်တို့မှ ကုန်သည်များသည် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သည့် ဆန်ဖြူ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၀ နှုန်းဖြင့် ဈေးနှုန်းတူညီစွာ တင်ပို့ရောင်းချမည်ဆိုပါက ပြည်တွင်းသုံးငွေဖြင့် ဝင်ငွေရရှိမှုမှာ သိသာထင်ရှားစွာ ကွာခြားသွားမည်ဖြစ်ကြောင်း၊ ပြိုင်ဘက်များသည် ထိုင်းကုန်သည်များထက် ဆန်တစ်တန်အပေါ် ဘတ် ၁၀၀၀ မှ ၁၂၅၀ အထိ ဝင်ငွေပိုမိုရရှိမည်ဖြစ်ကြောင်း Mr. Charoen က ပြောဆိုသည်။

    ထိုင်းဆန်၏ စျေးနှုန်းသက်သာမှုကြောင့် မဟုတ်ပဲ နိုင်ငံခြားငွေလဲနှုန်းအရ အကြောင်းမညီ ညွတ်မှုကြောင့် ထိုကဲ့သို့ ကွာဟချက်ဖြစ်ပေါ်ခြင်းသည် ထိုင်းလယ်သမားများ အနေဖြင့် ပြည်ပရှိ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများထက် ဈေးနှုန်းလျော့နည်းစွာရရှိသည်ကို ဖော်ပြလျက်ရှိသည်။

    ဆန်ဈေးနှုန်းမြင့်မားမှုနှင့်အတူ ပို့ကုန်အမှာစာများရရှိမှု ကျဆင်းလာခြင်းက အထူးသဖြင့် ပင်မသီးနှံရိတ်သိမ်းရန် နီးကပ်လာချိန်၌ လယ်သမားများကို တိုက်ရိုက်ထိခိုက်လျက်ရှိကြောင်း၊  ပြည်ပမှဝယ်လိုအား ဆက်လက်ကျဆင်းနေပါက ပြည်တွင်းဆန်ဈေးနှုန်းများသည် သိသိသာသာ ကျဆင်းသွားနိုင်ကြောင်း၊ မကြာသေးမီက တစ်ရက်တာအတွင်း ဘတ်ငွေတန်ဖိုး ၂ ရာခိုင်နှုန်း မြင့် တက်ခဲ့ရာ ပို့ကုန်လုပ်ငန်းရှင်များကို ဆန်တင်ပို့ရောင်းချရန် တွန့်ဆုတ်မှုဖြစ်စေခဲ့ပြီး  ဝယ်လက်များ အနေဖြင့် ငွေလဲနှုန်း ပိုမိုအလေးသာမှုမှ အကျိုးအမြတ်ရရှိနိုင်သည့် ပြိုင်ဘက်များထံသို့ ဦးလှည့် သွားကြကြောင်း Mr. Charoen က ပြောကြားခဲ့သည်။

    တင်ပို့သူများသည် ပုံမှန်အားဖြင့် ကုန်ဖိုးငွေရရှိရန် ၁ လမှ ၃ လကြာအထိ စောင့်ဆိုင်းရလေ့ ရှိကြောင်း၊ ယနေ့ ဆန်ကို တစ်ဒေါ်လာလျှင် ၃၁ ဘတ် ငွေလဲနှုန်းဖြင့် ရောင်းချခဲ့ပြီးနောက် သုံးလ အတွင်း တစ်ဒေါ်လာလျှင် ၃၀ ဘတ်နှုန်းအထိ ဘတ်ငွေတန်ဖိုး မြင့်တက်လာပါက အရှုံးပေါ်မည် ဖြစ်ကြောင်း၊ ထို့အပြင် စျေးကွက်အတွင်းသို့ ဆန်တန်ချိန် သန်း ၂၀ ခန့် ဖြန့်ချိရောင်းချမည့် အိန္ဒိယ၏ အစီအစဉ်အတွက် စိုးရိမ်မှုများရှိနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံခြားကုန်သွယ်မှုဌာန၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၇ လအတွင်း ဆန်တန်ချိန် ၄.၃၀ သန်း တင်ပို့ခဲ့ရာ ယခင်နှစ်ကာလတူ တင်ပို့နိုင်မှုအောက် ၂၅.၁ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် ဘတ် ၈၆.၄ ဘီလီယံ (ဒေါ်လာ ၂.၅၉ ဘီလီယံ ခန့်) ရှိပြီး ယခင်နှစ်ကာလတူ တင်ပို့မှုတန်ဖိုးအပေါ် ၃၅.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ဖြစ်ကြောင်း သိရ သည်။ ဘတ်ငွေတန်ဖိုး မတည်ငြိမ်မှုနှင့် ငွေတန်ဖိုးမြင့်တက်ခြင်းတို့က ဆန်ပို့ကုန်အပေါ် ဖိအား များ တိုးလာစေကြောင်း အဆိုပါဌာနက ပြောဆိုထားသည်။

Source: Bangkok Post, 11 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)