
ထိုင်းနိုင်ငံဆန်ကုန်သည်များအဖွဲ့အစည်းက ထိုင်းနိုင်ငံ၏ ဆန်စျေးနှုန်းများသည် စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံအစိုးရ၏ ဆန်တန်ချိန် သန်း၂၀ခန့်ကို ၎င်းတို့၏ သိုလှောင်ရုံများမှ စတင်တင်ပို့မည့် လုပ်ဆောင်ချက်အပြီးတွင် ကျဆင်းလာနိုင်သည်ဟု သတိပေးခဲ့ကြောင်း သိရပါသည်။ အဆိုခန့်မှန်းချက်ကို ထိုင်းနိုင်ငံဆန်ကုန်သည်များ အဖွဲ့အစည်းမှ ဥက္ကဌဆိုသူ Chukiart Opaswong က ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ Chukiart က အိန္ဒိယနိုင်ငံအစိုးရသည် ၎င်းတို့၏ ဆန်တန်ချိန် သန်း ၂၀ ခန့်ကို စတင်သွင်းမည်ဆိုပါက ထိုင်းနိုင်ငံ၏ ကမ္ဘာ့စျေးကွက်အတွင်း ပြိုင်ဆိုင်မှုသည် အားနည်းလာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါလုပ်ဆောင်မှု၏ ရလဒ်အနေဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ဆန်စျေးနှုန်းများကျဆင်းလာနိုင်ပြီး လယ်သမားများသည် အခက်အခဲများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။ အစီရင်ခံစာများအရ အဆိုပါ ဆန်များကို အီသာနောထုတ်လုပ်သူများသို့လည်းကောင်း၊ ဆင်းရနွမ်းပါးသူများထံသို့လည်ကောင်း၊ ဆန်ကုန်သည်များသို့လည်းကောင်း နည်းလမ်းသုံးလမ်းဖြင့် ရောင်ချရန် နေရာချထားကြောင်း သိရပါသည်။ Chukiart က အိန္ဒိယဆန်တင်ပို့သူများသည် နိုင်ငံတကာဆန်တင်ပို့မှု စံချိန်များနှင့် ကိုက်ညီစေရန်အတွက် ဆန်တန်ချိန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၀ ခန့် ထပ်ပေါင်း အသုံးပြု ရမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဆန်များကို ပြန်လည်ရောင်းချရာတွင်လည်း အမေရိကန်ဒေါ်လာ ၂၈၀ မှ ၃၀၀ အတွင်းရောင်းချမည်ဖြစ်ပြီး အဆိုစျေးနှုန်းသည် ထိုင်းနိုင်ငံ၏ လက်ရှိဆန်တင်ပို့ စျေးနှုန်းထက် လျော့နည်းကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၏ ပြည်ပသို့ တင်ပို့သော ဆန်စျေးနှုန်းသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၆၅ မှ ၃၇၀ ဖြင့် တင်ပို့လျက်ရှိ ကြောင်း သိရပါသည်။ အဆိုပါစျေးနှုန်းများဖြင့်ရောင်းချလျှင် လယ်သမားများသည် တစ်တန်လျှင် ဘတ် ၅၀၀၀ မှ ၆၀၀၀ အတွင်း ရရှိမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ၁ တန်လျှင် ဘတ် ၁၁၀၀၀ မှ ၁၂၀၀၀ အထိရရှိခဲ့မှုနှင့် နှိုင်းယှဥ်လျှင် ယခုနှစ် ထိုင်းနိုင်ငံ၏ လယ်သမားများရရှိသော ဆန်စျေးနှုန်း မှာ ကျဆင်းနေကြောင်း သိရပါသည်။ ယခုနှစ်ပထမ ၆ လအတွင်းတွင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့စျေးကွက်သို့ ဆန်တန်ချိန် ၁၁ သန်းတင်ပို့ခဲ့ပြီး ဗီယက်နိမ်နိုင်ငံသည် ဆန်ချိန် ၅.၂ သန်းတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံသည် ဆန်တန်ချိန်ပေါင်း ၃.၇ သန်းသာတင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် Chukiart က ကမ္ဘာ့ဆန်စျေးကွက်သည် အိန္ဒိယနိုင်ငံ၏ လွှမ်းမိုးမှုများနှင့် ကြုံတွေ့နေရကြောင်း ထပ်ပေါင်းပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ ဆန်တင်ပို့မှုစျေးနှုန်းသည် ချက်ချင်းကျဆင်းလျက်ရှိပြီး ထပ်မံကျဆင်းမည်ဟု ဆန်ကုန်သည်များက ခန့်မှန်းနေကြောင်း သိရှိရပါသည်။
Source: Natio Thailand
DOCA (ရန်ကုန်)