
ပြင်ဦးလွင်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သြဂုတ်လ(၂၅)ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)၊ တရုတ်ဘုံကျောင်းအနီးရှိ Ocean Wave အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းအားသွားရောက်ပြီး တာဝန်ခံနှင့်တွေ့ဆုံကာ အင်တာနက်ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်သည့် အချက်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ပြင်ဦးလွင်ခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်တာဝန်ခံ ဦးအောင်မင်းနိုင် (ဒု-ကြီးကြပ်ရေးမှူး)က ရှင်းလင်းပြောကြားရာတွင် စားသုံးသူအခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့် အချက်များစသည့် စားသုံးသူကာကွယ်ရေးဥပဒေပါအချက်မျာအား လိုက်နာရန်လိုအပ်ကြောင်း၊ နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့်ဆက်သွယ်ရေးကဏ္ဍအားလုံး အတွက်အရေးကြီးဆုံးသောအင်တာနက်ဝန်ဆောင်မှုတစ်ရပ်အနေဖြင့်ပါဝင်ပါကြောင်း၊ စားသုံးသူများ၏နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး၊ အင်တာနက်လိုင်းများ မကြာခဏ ပြတ်တောက်ခြင်းများ၊ အင်တာနတ်သုံးစွဲမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီများသို့ သုံးစွဲသူပြည်သူများမှ အကြိမ်ကြိမ်ဆက်သွယ်ပြောဆိုခဲ့သော်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးနိုင်မှုမရှိခြင်း ကိစ္စရပ်များမဖြစ်ပေါ်စေရန်လိုအပ်ကြောင်း၊ ဆက်သွယ်ရေး ကုမ္ပဏီများကပေးအပ်သည့် အင်တာနက်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာနှင့် ရှင်းလင်းကြိုတင်အသိပေးဆောင်ရွက်သွားရန်နှင့် ဝန်ဆောင်မှုကို ကြော်ငြာရာတွင် ဝန်ဆောင်မှု စည်းမျဉ်းစည်းကမ်း (Terms and Conditions) များအား အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြထားရှိရန်၊ ဝန်ဆောင်မှုများအပေါ် စားသုံးသူများမှ စိတ်ကျေနပ်မှုမရှိပါက အော်ပရေတာများ၏ Call Center သို့ အလွယ်တကူခေါ်ဆို၍ Complain ပြုလုပ်နိုင်စေရေး စီစဉ်ထားရှိရန်စသည့်အချက်များနှင့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းများနှင့် မိုဘိုင်းအော်ပရေတာများသို့ အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ညွှန်ကြားထားသည့် အချက်များအတိုင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)