တရုတ်နိုင်ငံသို့ ဒူးရင်းသီးများတိုက်ရိုက်တင်ပို့နေသည့် ကမ္ဘောဒီးယားနိုင်ငံ

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်ပိုးထားသော ဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ မကြာသေးမီ ရက်သတ္တပတ်များအတွင်းတင်ပို့ခဲ့ပြီး အဆိုပါတင်ပို့မှုသည် နှစ်နိုင်ငံကြား လတ်ဆတ်သော အသီးအနှံများကို လေကြောင်းကုန်သွယ်မှုဖြင့် ပထမဆုံးတင်ပို့ခြင်းဖြစ်ကြောင်း သိရပါသည်။ အလေးချိန် တန်ချိန် ၂ တန်ခန့်ရှိသော အဆိုပါ ဒူးရင်းသီးများကို လေအေးပေးစနစ်ထောက်ပို့မှုဖြင့် ၄ နာရီ အတွင်းတရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသားများအနေဖြင့် လတ်ဆတ်သောဒူးရင်းသီးများကို သုံးဆောင်မှုများရရှိခဲ့ကြောင်း တရုတ်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ဒူးရင်းသီးသည် လက်ရှိတွင် ငှက်ပျောသီး၊ သရက်သီး၊ ကြက်မောက်သီး၊ အုန်းသီးပြီးလျှင် ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်သွင်းခွင့်ရှိသော ပဥ္စမ‌မြောက်အသီးအနှံဖြစ် ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ဒူးရင်းသီးများကို ဟက်တာဧက ၁၁၀၀၀ ကျော် တွင် စိုက်ပျိုးလျက်ရှိပြီး နှစ်စဥ်တန်ချိန် ၁၂၀၀၀၀ ကျော်ခန့် ထုတ်လုပ်လျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံအခွန်ရုံးမှ အသိမှတ်ပြုလက်မှတ်ရရှိထားသော စိုက်ပျိုးခြံ ၁၁၃ ခြံနှင့် ထုတ်လုပ်ရေးလုပ်ငန်းပေါင်း ၃၀ ခုရှိကြောင်း သိရပါသည်။ ၂၀၀၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် တစ်ခြားနိုင်ငံများမှ ဒူးရင်းတင်ပို့မှုစျေးကွက်ဝင်ရောက်ခွင့်ကို ချဲ့ထွင်ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စားသုံးသူစျေးကွက်ဖြစ်ပြီး ယခင်နှစ်တွင် ဒေါ်လာ ၇ ဘီလီယံတန်ကြေးရှိသော အသီးအနှံများကို တင်သွင်းခဲ့ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄ ဘီလီယံ တန်ကြေးရှိသော အသီးအနှံများကို တင်ပို့ခဲ့ပြီး ဗီယက်နမ်နိုင်ငံ သည်လည်း ဒေါ်လာ ၂.၉ ဘီလီယံ တန်ကြေးရှိသော အသီးအနှံများကို တင်ပို့ခဲ့ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ယခင်နှစ်တွင် ဒူးရင်းသီးတင်ပို့မှုများ ကျဆင်းခဲ့ပါသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံသည် ဒူးရင်းသီး တန်ချိန် ၇၀၈၁၉၀ ခန့်တင်သွင်းခဲ့ပြီး ယခင်နှစ် ထက် ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

Source: VN Express 

DOCA (ရန်ကုန်)