
ကမ္ဘောဒီးယားနိုင်ငံ၏ အရှေ့မြောက်ပိုင်း Kratie ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန် အစိုးရ၏ တွန်းအားပေးမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်နှင့် လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရေးလွယ်ကူစေရန်အတွက် ရည်ရွယ်ပြီး ကန်ဒေါ်လာ ၃၅ သန်း တန်ဖိုးရှိဘက်စုံသုံး ဆိပ်ကမ်းတစ်ခုကို တည်ဆောက်ရန် စီစဉ်ထားသည်။ အရှေ့မြောက်ပိုင်းဒေသ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ (NEIPWG) ၏ ဥက္ကဋ္ဌ Hean Sahib သည် စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတွင် ရင်းနှီးမြှုပ်နှံသူ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ၍ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုချက်လျှောက်ထားမှုအား ဆွေးနွေးခဲ့ကြောင်းသိရသည်။ အဆိုပါစီမံကိန်းကို နိုင်ငံပေါင်း ၁၄၀ တွင် အခြေစိုက်သည့် China Energy Engineering Group Co., Ltd. (CEEC) ၏ လုပ်ငန်းခွဲဖြစ်သော KP Cement Industries Co., Ltd. မှ အဆိုပြုထား သည်။ ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် လယ်ယာထွက်ကုန်များ သယ်ယူ ပို့ဆောင်ရေးတို့အတွက် မရှိမဖြစ်လိုအပ်သော အခြေခံအဆောက်အအုံများ တည်ဆောက်ရန် စီစဉ်ထားကြောင်း Sahib က ပြောကြားခဲ့သည်။ ဘက်စုံသုံးဆိပ်ကမ်း တည်ဆောက်ခြင်းနှင့် လည်ပတ်ခြင်းအတွက် ဥပဒေမူဘောင်နှင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များကို နားလည်သဘောပေါက်ရန် အဓိကထား ဆွေးနွေးခဲ့ပြီး အရှေ့မြောက်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် လယ်ယာထွက်ကုန် သယ်ယူပို့ဆောင်ရေးနှစ်ခုလုံးကို ပံ့ပိုးပေးရန် ရည်ရွယ်ထားကြောင်း Sahib က ဆက်လက်ပြောကြားခဲ့သည်။ အထူးသဖြင့် လမ်းကွန်ရက်နှင့် ဆက်သွယ်ရေးကဏ္ဍများတွင် မကြာသေးမီနှစ်များအတွင်း ဒေသတွင်း အခြေခံအဆောက်အအုံများ သိသိသာသာ တိုးတက်ကောင်းမွန်လာကြောင်းနှင့် လာအိုနှင့်ဗီယက်နမ်နိုင်ငံတို့နှင့် နီးကပ်သောပြည်နယ်များသည် စိုက်ပျိုးရေးစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးသဖြင့် သီးနှံစိုက်ပျိုးရေးနှင့် ပို့ကုန်အတွက် အစားအစာ ပြုပြင်ရေးတို့တွင် ၎င်းတို့၏ တောင်းဆိုမှုကို အားကောင်းစေသည်ဟု Sahib က ဆက်လက်ပြောသည်။
Source: Khmer Times
DOCA(ရန်ကုန်)