
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု )နှင့်သယ်ယူ ပို့ဆောင်ရေးဝန်ဆောင်မှုတို့အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) တွင် သတ်မှတ်အချိန်ကာလအတွင်း ဦးစားပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးရန် ဆုံးဖြတ်ချက်အရ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား ဧပြီလမှဇူလိုင်လ အထိ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေ ရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၅ ခုနှစ်၊ ဧပြီလမှဇူလိုင်လထိ စားသောက်ဆိုင် ( ၄၄ )ဆိုင်အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာန၊ ရုံးချုပ်မှ အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ဦးစားပေး စစ်ဆေးရန် လမ်းညွှန်ထားသည့် အချက်အလက်များနှင့်ကိုက်ညီမှုရှိကြောင်း ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စားသောက်ဆိုင်များအား မိတ်ဖက်ဌာနများ နှင့် သွားရောက်စစ်ဆေးပြီး အစားအသောက် ချက်ပြုတ်ရာတွင်အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများ၊ ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများအနေဖြင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်း စေရေး အထူးအလေးထား ဆောင်ရွက်ရန်၊ ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို လည်းရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီး ဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့်ပတ်သက်၍လည်း အသိ ပညာပေးခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသောက်ဆိုင်ရောင်းချခွင့် လိုင်စင်သက်တမ်း တိုး ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခြင်း၊ အစားအသောက်နှင့်ဆေးဝါးက္ပပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စားသုံးရန်၊ အသုံးပြုရန် မသင့်ကြေငြာထားသော ကုန်ပစ္စည်းများအား အသုံးမပြု ကြရန်နှင့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကိုလည်း လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA (စစ်ကိုင်း)