အမေရိကန်ထံမှ ပြောင်းများ တင်သွင်းခွင့်ပြုခြင်းအပေါ် နစ်နာကြေးပေးအပ်ရန် ထိုင်းတောင်သူ များ တောင်းဆို

Powered by Drupal

  အမေရိကန်နိုင်ငံထံမှ မျိုးဗီဇပြုပြင်ထားသော ပြောင်းများကို တင်သွင်းခွင့်ပြုရန် ဆုံးဖြတ် ခဲ့ခြင်းသည် ပြည်တွင်းဈေးနှုန်းများ တစ်ဟုန်ထိုးကျဆင်းမှုကို ဖြစ်စေနိုင်သဖြင့် အစိုးရအနေဖြင့် နစ်နာကြေးများ ထောက်ပံ့ပေးအပ်ရန် ထိုင်းနိုင်ငံ Phetchabun ပြည်နယ်ရှိ ရာနှင့်ချီသော ပြောင်းစိုက် တောင်သူများက ဩဂုတ် ၁၅ ရက်နေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

     အမေရိကန်မှ မျိုးဗီဇပြုပြင်ထားသော ပြောင်းတန်ချိန် ၃ သန်းကို တင်သွင်းခွင့်ပြုရန် အစိုးရက သဘောတူညီခဲ့ပြီးနောက် ပြည်တွင်းရှိ တိရစ္ဆာန်မွေးမြူရေး အစာစပ်စက်ရုံများသည် ထိုင်းပြောင်းများကို ဝယ်ယူရန်ငြင်းဆိုခြင်း သို့မဟုတ် ဈေးနှုန်းနှိမ့်ချ၍ ဝယ်ယူခြင်းတို့ကို လုပ်ဆောင် လာကြသဖြင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝအပေါ် ဆိုးကျိုးကြီးမားစွာ သက်ရောက်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်သူများနှင့် ဆွေးနွေးတိုင်ပင်မှုမရှိပဲ ချမှတ်ခဲ့သော အဆိုပါမူဝါဒသည် လယ်သမားမိသားစုပေါင်း ၄၅၀၀၀၀ ကျော်အပေါ် ထိခိုက်မှုရှိကြောင်း၊ ထိုင်း မွေးမြူရေးအစာစပ်စက်ရုံအသင်းသည် အစိုဓာတ် ၁၄.၅ ရာခိုင်နှုန်းရှိသော အစေ့ထုတ်ပြောင်း ၁ ကီလိုဂရမ်လျှင် ဘတ်ငွေ ၉.၈၀ နှုန်းဖြင့် ဝယ်ယူမည်ဟု ယခင်က ကတိပြုထားခဲ့ကြောင်း၊ သို့သော် ယခုအခါ စက်ရုံများသည် ၁ ကီလိုဂရမ်လျှင် ၉ ဘတ်အောက် နိမ့်ကျသောနှုန်းဖြင့်သာ ပေးချေ လျက်ရှိပြီး ‌ဒေသထွက်ပြောင်းများ နေ့စဉ်ဝယ်ယူမည့် ပမာဏကို ခွဲတမ်းသတ်မှတ်ချက်များ ချမှတ် လုပ်ဆောင်လာကြကြောင်း စသည်ဖြင့် အဆိုပါပြောင်းစိုက်တောင်သူများက ပြောဆိုခဲ့ကြသည်။

   အမေရိကန်‌ပြောင်းများ တင်သွင်းမှုကို ချိန်ညှိဆောင်ရွက်နိုင်ရန် လုံလောက်သော အချိန် ကာလအဖြစ် ၃ နှစ်တာကာလအထိ အစိုဓာတ် ၃၀ ရာခိုင်နှုန်းရှိသော ပြောင်း ၁ ကီလိုဂရမ်လျှင် ၇.၅၀ ဘတ်နှုန်းဖြင့် ပြောင်းစိုက်ပျိုးမှု မှတ်ပုံတင်ထားသည့် ဧရိယာအပေါ် အခြေခံလျက် အစိုးရမှ နစ်နာကြေး ထောက်ပံ့ပေးအပ်သွားရန် ပြောင်းစိုက်တောင်သူများက တောင်းဆိုထားသည်ဟု The Nation သတင်းဌာနက ဖော်ပြပါသည်။ 

Source: The Nation Thailand, August 18, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)