
မလေးရှားနိုင်ငံသည် စက်တင်ဘာလအတွက် ၎င်း၏ စားအုန်းဆီကြမ်း ရည်ညွှန်းဈေးနှုန်းကို မြှင့်တင်ခဲ့ရာ ပို့ကုန်အခွန်နှုန်းထားသည်လည်း ၁၀ ရာခိုင်နှုန်းအထိ လိုက်ပါမြင့်တက်လာသည် ဟု မလေးရှားစားအုန်း ဆီဘုတ်အဖွဲ့၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည့် အမိန့်စာအရ သိရှိရကြောင်း The Edge Malaysia သတင်းဌာနက ဩဂုတ်လ ၁၃ ရက် (ဗုဒ္ဓဟူးနေ့)တွင် ဖော်ပြထားသည်။
ကမ္ဘာ့ဒုတိယအများဆုံး စားအုန်းဆီတင်ပို့သူ မလေးရှားနိုင်ငံသည် စက်တင်ဘာလအတွက် စားအုန်းဆီ ရည်ညွှန်းစျေးနှုန်းကို တစ်တန်လျှင် ရင်းဂစ် ၄၀၅၃.၄၃ (အမေရိကန်ဒေါ်လာ ၉၆၂.၁၂) သို့ တွက်ချက်ပြင်ဆင်ခဲ့သည်။ ဩဂုတ်လ ရည်ညွှန်းဈေးမှာ တစ်တန်လျှင် ရင်းဂစ် ၃၈၆၄.၁၂ ဖြစ် ရာ စားအုန်းဆီတင်ပို့မှုအတွက် ကျသင့် အကောက်ခွန်နှုန်းထားမှာ ၉ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။
မလေးရှားနိုင်ငံတွင် စားအုန်းဆီကြမ်းအတွက် ပို့ကုန်အခွန် ကောက်ခံမှုပုံစံသည် တစ်တန်လျှင် ဈေးနှုန်း ရင်းဂစ် ၂၂၅၀ မှ ရင်းဂစ် ၂၄၀၀ အတွင်းဖြစ်ပါက အခွန် ၃ ရာခိုင်နှုန်းမှ စတင်ကြောင်း နှင့် ဈေးနှုန်း တစ်တန်လျှင် ရင်းဂစ် ၄၀၅၀ ထက်ကျော်လွန်ပါက အမြင့်ဆုံးအခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်းအထိ သတ်မှတ်ထားရှိကြောင်း သတင်းရရှိပါသည်။
Source: The Edge Malaysia, 13 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)