
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ခုနှစ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါစီမံကိန်း ဆောင်ရွက်သော တောင်သူများအား မြို့နယ်အတွင်း ဝယ်ယူကြိတ်ခွဲ ဆောင်ရွက်နေသူများမှ မျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ် ပွဲနှင့် သွင်းအားစု ပေးအပ်ပွဲ အခမ်းအနားကို (၂၀.၇.၂၀၂၅) ရက်နေ့တွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး မျိုးစေ့ ကိရိယာ(Drum Seeder)နှင့် သွင်းအားစုများပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာ၊ တောင်သူ ဦးဝင်းမြင့်လှိုင်၏ စိုက်ဧက(၇)ဧကတွင် နယူးဧရာ-၁၁စပါးမျိုးအား ပုသိမ်မြို့၊ အမှတ်(၅၁)စက်မှု လယ်ယာ စခန်းမှ ခြောက်တန်းသွားကောက်စိုက်စက်၊ မျိုးစေ့ကိရိယာ(Drum Seeder )များဖြင့် စိုက်ပျိုးခြင်းသရုပ်ပြသခြင်းအားလည်းကောင်း၊ ၂၀၂၅-၂၀၂၆ခုနှစ် နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါစီမံကိန်း ဆောင်ရွက်သော ဝယ်ယူကြိတ်ခွဲအဖွဲ့၏ စံပြစိုက်ခင်းတွင် ကောက်စိုက်စက်၊ ကောက်စိုက်သမ၊ မျိုးစေ့ကိရိယာ(Drum Seeder)များဖြင့် စိုက်ပျိုးနေမှုအားလည်းကောင်း ကြည့်ရှု အားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံ၍ “ မိမိတို့ တိုင်းဒေသကြီး သည် စိုက်ပျိုးရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ်များလျော့နည်းပပျောက်ရေးအတွက် မျိုးစေ့ချ ကိရိယာများဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်များဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများကို ဆောင်ရွက်နိုင်ရေးအတွက် စိုက်တိုးမြှင့်အဖွဲ့များက အသိပညာပေးကြပ်မတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တောင်သူကြီးများအနေဖြင့်လည်း စိုက်ပျိုးနည်းစနစ်များအလိုက် မျိုးစေ့ကုန်ကျမှု၊ သွင်းအားစုထည့်သွင်းမှု၊ အထွက်နှုန်းများကို စနစ်တကျမှတ်တမ်းထားရှိရန် လိုအပ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့ချကိရိယာများအား သတ်မှတ်ကာလအတွင်း တောင်သူများလက်ဝယ်အချိန်မီရောက်ရှိရေး ထုတ်လုပ်ဖြန့်ဝေပေးရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး ၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုပါကြောင်း” ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူများအား သွင်းအားစုများ၊ မျိုးစေ့ကိရိယာ(Drum Seeder) များနှင့် ကောက်စိုက်သမများအား စားသောက် ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)