
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၆.၈.၂၀၂၅)နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်း၍ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်း(အင်းလပ်အရှေ့)ကျောင်းတွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၅၅) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။
ဟောပြောပွဲအပြီးတွင် မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးတန်းကော်မတီဝင်များနှင့် အတူ ကျောင်းမုန့်ဈေးတန်းများရှိ ရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသော မုန့်များကိုသာရောင်းချရန် မုန့်ဈေးတန်းရောင်းချသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)