အိန္ဒိယနိုင်ငံတွင် ယခုနှစ် မိုးမတ်ပဲအထွက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိ

Powered by Drupal

 

          အိန္ဒိယနိုင်ငံတွင် ယခုနှစ် မိုးသီးနှံရာသီ၌ စိုက်ပျိုးမှုလျော့နည်းလာခြင်းနှင့်  အဓိကစိုက်ပျိုး သည့်ဒေသများတွင် မိုးရေချိန်များပြားခြင်းတို့ကြောင့် မိုးမတ်ပဲအထွက်မှာ ယခင်နှစ်၌ တန်ချိန် ၁.၂ သန်းခန့်ရှိရာမှ ယခုနှစ်တွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အထိ ကျဆင်းဖွယ်ရှိသည်ဟု အစိုးရဌာန ဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။

          ယခုနှစ် မိုးမတ်ပဲစိုက်ပျိုးရာသီမှာ ကုန်ဆုံးခဲ့ပြီဖြစ်ကြောင်း၊ ပဲပုပ်သီးနှံစိုက်ပျိုးမှု ဧရိယာများမှ မတ်ပဲသီးနှံသို့ ပြောင်းလဲစိုက်ပျိုးလျက် မတ်ပဲအထွက်ကောင်းရရှိမည်ဟု စိုက်ပျိုးရာသီ အစတွင် မျှော်မှန်းထားခဲ့သော်လည်း ပဲပုပ်နှင့်မတ်ပဲအစား ပြောင်းသီးနှံကို ပြောင်းလဲ စိုက်ပျိုးလာကြသဖြင့်  အိန္ဒိယနိုင်ငံအနေဖြင့် မတ်ပဲအတွက် ဆောင်းသီးနှံနှင့် နွေသီးနှံ စိုက်ပျိုးမှုတို့အပေါ်၌သာ အားကိုး အားထားပြုရမည့် အနေအထားဖြစ်ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။

          အိန္ဒိယနိုင်ငံတွင် မတ်ပဲသီးနှံကို နွေ၊ မိုး၊ ဆောင်း ရာသီ ၃ မျိုးလုံးတွင် စိုက်ပျိုးကြပါသည်။ မတ်ပဲစုစုပေါင်းထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်မှာ မိုးသီးနှံဖြစ်သဖြင့် ထုတ်လုပ်မှုတွင် အဓိက ကျလျက်ရှိပြီး ကျန် ၄၀ ရာခိုင်နှုန်းမှာ ဆောင်းနှင့် နွေသီးနှံများမှ ထွက်ရှိမှုများဖြစ်ကြောင်း သိရှိရ သည်။

          မတ်ပဲသီးနှံကို အနိမ့်ဆုံးထားရှိဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်း မြင့်မားလာမှုနှင့်အတူ မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်ကဲသို့သော မတ်ပဲအဓိကစိုက်ပျိုးသည့် ပြည်နယ်များတွင် ဝယ်ယူရေး အာမခံချက်များ မြင့်မားသဖြင့် မတ်ပဲအထွက်မြင့်မားလာမည်ဟု မျှော်လင့်ခဲ့ကြသည်ဟု အထက်ပါ အရာရှိက ပြောကြားခဲ့သည်။

          ၂၀၂၅-၂၆ (အောက်တိုဘာလမှ စက်တင်ဘာလထိ) မိုးသီးနှံ ဈေးကွက်ရာသီနှစ်တွင် မတ်ပဲအတွက် အစိုးရက အနိမ့်ဆုံးထားရှိဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးနှုန်းကို ၁ ကွင်တယ်လျှင် ရူပီး ၇၈၀၀ နှုန်းဖြင့် ၅.၄ ရာခိုင်နှုန်း တိုးမြှင့်ပေးထားပါသည်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့အထိ အိန္ဒိယနိုင်ငံတစ်ဝန်းလုံး၌ မိုးမတ်ပဲ စိုက်ပျိုးမှုမှာ ဧရိယာ ဟက်တာ ၁.၉ သန်းဖြင့် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရသည်။

          သီးနှံအချို့ကို အစားထိုးစိုက်ပျိုးလျက်ရှိသော်လည်း အဓိကစိုက်ပျိုးသည့် ဒေသများဖြစ်သော မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်နှင့် ဥတာပရာဒေ့ရှ်ပြည်နယ်တို့တွင် မိုးရေချိန်များပြားခြင်းကြောင့် စိုက်ပျိုး ရေးလုပ်ငန်းများကို အဟန့်အတားဖြစ်စေပြီး စိုက်ပျိုးဆဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွမ်းကျင် ပညာရှင်များက ပြောကြားခဲ့သည်။ ယခု အနောက်တောင်မုတ်သုံရာသီ ကာလတွင် အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသတို့၌ မိုးရွာသွန်းမှု အများဆုံး ဖြစ်ပေါ်လျက်ရှိ ပါသည်။ အိန္ဒိယမိုးလေဝသဌာန၏ အချက်အလက်များအရ မဒ္ဒရာပရာဒေ့ရှ်၊ ဥတာပရာဒေ့ရှ်နှင့် ရာဂျပ်စတန် ပြည်နယ်များရှိ မတ်ပဲအများဆုံးစိုက်ပျိုး ထုတ်လုပ်သည့် ခရိုင်အများအပြားတွင် မိုးရေချိန်ကြီးမားလွန်ကဲစွာ ရရှိခဲ့ကြောင်း Informist သတင်းဌာနက ဖော်ပြထားပါသည်။

Source: Informist, Aug 5, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)