
အိန္ဒိယနိုင်ငံတွင် တီလန်ဂါနာပြည်နယ်၌ စိုက်ဧရိယာ အနည်းငယ်တိုးတက်လာသည်မှအပ ပဲစင်းငုံ အဓိကစိုက်ပျိုးရာ ဒေသများဖြစ်သော ကာနာတကာ၊ မဟာရဋ္ဌနှင့် ဂူဂျရတ် ပြည်နယ်များ တွင် တောင်သူများသည် ဝင်ငွေပိုမိုရရှိသော ပြောင်း၊ ဝါနှင့် ဆီထွက်သီးနှံများသို့ ပြောင်းလဲစိုက်ပျိုး လာကြသဖြင့် ယခုနှစ် မိုးသီးနှံရာသီ၌ ပဲစင်းငုံစိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်ကာလတူ၌ စိုက်ပျိုးနိုင်ခဲ့ သည့်အဆင့်အောက်သို့ နိမ့်ကျလျက်ရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြ ပါသည်။
နိုင်ငံတစ်ဝန်း၌ ဇူလိုင် ၂၅ ရက်နေ့အထိ ပဲစင်းငုံစိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၃၄.၉၀ သိန်းရှိပြီး ယခင်နှစ် ကာလတူစိုက်ပျိုးမှု ဟက်တာ ၃၇.၉၉ သိန်းနှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်းခန့် လျော့နည်းလျက်ရှိသည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သီးနှံရာသီ တစ်ခုလုံးအတွက် ပဲစင်းငုံ ပုံမှန်စိုက်ပျိုးမှုဧရိယာသည် ဟက်တာ ၄၄.၇၁ သိန်းဖြစ်သည်။
ကာနာတကာပြည်နယ်တွင် ပဲစင်းငုံစိုက်ပျိုးရန် ယခုနှစ်လျာထားချက်မှာ ဟက်တာ ၁၆.၈၀ သိန်းဖြစ်ပြီး ယခင်နှစ်ကာလတူ၌ စိုက်ပျိုးနိုင်မှု ဟက်တာ ၁၅.၄၂ သိန်းကို ပြည့်မီခြင်းမရှိပဲ ယခုနှစ် ဇူလိုင် ၂၅ ရက်အထိ စိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၁၃.၀၁ သိန်းသာရှိသည်။ အဆိုပါ ပြည်နယ် အတွင်း ပဲစင်းငုံအများဆုံးစိုက်ပျိုးသည့် Kalaburagi ခရိုင်တွင် ဟက်တာ ၅.၃၅ သိန်း စိုက်ပျိုးထား ပြီးဖြစ်သည်။ သတင်းအရင်းအမြစ်များအရ ယင်းဒေသ၏ စိုက်ပျိုးမှုမှာ ဟက်တာ ၆ သိန်းခန့်အထိ ဆက်လက်တိုးတက်နိုင်ကြောင်း၊ ပဲစင်းငုံဈေးနှုန်းများ နိမ့်ကျနေခြင်းကြောင့် တောင်သူအချို့သည် ပြောင်း၊ ဝါနှင့် ကြံသီးနှံများသို့ ပြောင်းလဲစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
Kalaburagi မြို့အခြေစိုက် ကာနာတကာပြည်နယ် ပဲစင်းငုံစိုက်ပျိုးသူများအသင်း၏ ဥက္ကဋ္ဌ Basavaraj Ingin က ဈေးကွက်အတွင်း ဈေးနှုန်းများ ကျဆင်းနေမှုအရ ယခုနှစ် ပဲစင်းငုံစိုက်ဧရိယာ မှာ ကျဆင်းဖွယ်ရှိကြောင်း၊ Kalaburagi ဈေးကွက်တွင် ပဲစင်းငုံ ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) ၏ ဈေးနှုန်းသည် အစိုးရက အထောက်အပံ့ပြုဝယ်ယူပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်း ရူပီး ၈၀၀၀ အောက်သို့ လျော့ကျလျက် ရူပီး ၅၃၀၀ မှ ၆၇၀၀ အတွင်း၌သာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ပြောဆိုခဲ့သည်။
မဟာရဋ္ဌပြည်နယ်၌ ဇူလိုင် ၂၁ ရက်အထိ ပဲစင်းငုံစိုက်ပျိုးပြီးစီးမှုမှာ ဟက်တာ ၁၁.၄၄ သိန်း ရှိပြီး ယခင်နှစ်ကာလတူ စိုက်ပျိုးနိုင်မှု ဟက်တာ ၁၁.၆၀ သိန်းအောက် အနည်းငယ် လျော့နည်း လျက်ရှိသည်။ ဂူဂျရတ်ပြည်နယ်တွင်လည်း ယခင်နှစ်ကာလတူ စိုက်ပျိုးနိုင်မှု ဟက်တာ ၁.၉၆ သိန်းအောက် ကျဆင်းလျက် ဇူလိုင် ၂၈ ရက်အထိ ဟက်တာ ၁.၅၅ သိန်း စိုက်ပျိုးထားကြောင်း၊ အန္တရာပရာဒေ့ရှ်ပြည်နယ်၌ ဇူလိုင် ၂၃ ရက်အထိ ပဲစင်းငုံစိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ် ကာလတူ အောက် ဟက်တာ ၁၄၀၀၀ လျော့နည်းလျက် ဟက်တာ ၆၈၀၀၀ သာရှိကြောင်း သိရှိရသည်။
တီလန်ဂါနာပြည်နယ်တွင်မူ ဇူလိုင် ၂၃ ရက်အထိ ပဲစင်းငုံစိုက်ဧရိယာ ဟက်တာ ၄.၂၁ သိန်း စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ကာလတူထက် ဟက်တာ ၀.၅၆ သိန်း ပိုမိုလျက်ရှိကြောင်း ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနက ဖော်ပြခဲ့သည်။
မဟာရဋ္ဌပြည်နယ် Latur မြို့မှ ပဲခွဲစက်လုပ်ငန်းရှင် Nitin Kalantri က ယခုနှစ်၌ တောင်သူ များသည် ပြောင်းကဲ့သို့သော ဝင်ငွေပိုမိုရရှိနိုင်မည့်သီးနှံများကို ပြောင်းလဲစိုက်ပျိုးလာကြသဖြင့် တစ်နိုင်ငံလုံး ပဲစင်းငုံစိုက်ဧရိယာသည် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း ကျဆင်းဖွယ်ရှိသည် ဟု ပြောဆိုထားသည်။ iGrain India ကုမ္ပဏီမှ လုပ်ငန်းရှင် Rahul Chauhan ကလည်း ရောင်းလို အား များပြားမှုကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ပဲစင်းငုံဈေးနှုန်းများသည် ၄၀ ရာခိုင်နှုန်းခန့် အထိ ကျဆင်းခဲ့ပြီး ယခုနှစ် စိုက်ပျိုးမှုကို လျော့ကျစေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရက ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ပဲစင်းငုံကို အကောက်ခွန်ကင်းလွတ် လျက် တင်သွင်းခွင့်ပြုထားပြီး ပြည်ပမှ ပမာဏအများအပြား ဝင်ရောက်လျက်ရှိခြင်းက ပြည်တွင်း ဈေးနှုန်းများကျဆင်းရန် ဖိအားဖြစ်ပေါ်စေကြောင်း၊ ပဲစင်းငုံတင်သွင်းမှုမှာ ယခင်ဘဏ္ဍာနှစ်၌ တန် ချိန် ၇.၇၁ သိန်းသာရှိခဲ့ရာမှ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂.၂၃ သိန်းအထိ စံချိန်တင် မြင့် တက်ခဲ့ကြောင်း သိရှိရသည်။
Source: The Hindu Business Line, 29 Jul 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)