
ဘန်ကောက်ဘဏ်(BBL)သည် လာမည့်ဆယ်စုနှစ်နှစ်ခုအတွင်း အင်ဒိုနီးရှား၏ သိသာထင်ရှားသောစီးပွားရေးအခွင့်အလမ်းများကို မြင်တွေ့လျှက်ရှိပြီး အင်ဒိုနီးရှားသို့ ထိုင်းစီးပွားရေး လုပ်ငန်းများတိုးချဲ့ရာတွင် ပံ့ပိုးပေးရန် ကတိပြုခဲ့ကြောင်း သိရပါသည်။ အစိုးရမဟာဗျူဟာများ၊ များပြားပြီးငယ်ရွယ်သောလူဦးရေ ၂၈၄ သန်းနှင့် ပေါကြွယ်ဝသောသဘာဝအရင်းအမြစ်တို့ကြောင့် ကမ္ဘာပေါ်တွင် စီးပွားရေးကြီးထွားမှုအမြန်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်း သိရပါသည်။ ထိုအားကောင်းသောအခြေခံအုတ်မြစ်တို့ကြောင့် အင်ဒိုနီးရှား၏ စီးပွားရေးသည် လာမည့်နှစ် ၂၀ ကျော်အတွင်း စဉ်ဆက်မပြတ်ကြီးထွားရန်မျှော်မှန်းရကြောင်း BBL ၏ဥက္ကဌ Chartsiri Sophonpanich က ၎င်း၏ အင်ဒိုနီးရှားဘဏ်ခွဲဖြစ်သည့် Pernata ဘဏ်သို့ သွားရောက် လည်ပတ်စဉ်အတွင်း ပြောကြားခဲ့ကြောင်း သိရပါသည်။ ရွှေရောင်အင်ဒိုနီးရှားမျှော်မှန်းချက် ၂၀၄၅ အောက်တွင် နိုင်ငံ၏ GDP သည် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးမားဆုံးဖြစ်လာရန် ခန့်မှန်းရကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် လတ်တလောတွင် GDP အမေရိကန်ဒေါ်လာ ၁.၅၄ ထရီလီယံဖြင့် ကမ္ဘာပေါ် တွင် ၁၆ ခုမြောက်အကြီးမားဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားပြီး စုစုပေါင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံဖြင့် အရှေ့တောင်အာရှတွင် နံပါတ် ၂ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရာဖြစ်ကြောင်း သိရပါသည်။ BBL က ရှယ်ယာ ၈၉.၁၂ ရာခိုင်နှုန်းပိုင်ဆိုင်သည့် Permata ဘဏ်၏အဆိုအရ အင်ဒိုနီးရှား၏စီးပွားရေး သည် ယခုနှစ်တွင် ၄.၇ ရာခိုင်နှုန်းကြီးထွားရန် ခန့်မှန်းရပြီး ၂၀၂၄ ခုနှစ်က ၅ ရာခိုင်နှုန်းထက် အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရပါသည်။ သို့သော် အစိုးရအေဂျင်စီများက ၂၀၂၆ ခုနှစ်တွင် ကြီးထွားနှုူန်း ၆.၅ ရာခိုင်နှုန်းရရှိရန် ခန့်မှန်းကြပြီး လွန်ခဲ့သည့်ဆယ်စုနှစ်တွင်လည်း နိုင်ငံ၏ စီးပွားရေးသည် ၅ ရာခိုင်နှုန်းပတ်လည်ကြီးထွားခဲ့ကြောင်း သိရပါသည်။ BRICS အုပ်စုသို့ အင်ဒိုနီးရှား၏ လတ်တလောဝင်ရောက်မှုသည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမသေချာမရေရာမှုများ ကြားမှ ပထဝီနိုင်ငံရေးစွန့်စားရမှုများကို လျှော့ပါးသက်သာမည့်နည်းလမ်းများရှာဖွေနေ သည့် စီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုဦးတည်ရာအဖြစ် ၎င်းတို့၏တည်ရှိမှုကို မြှင့်တင် နိုင်ခဲ့ကြောင်း သိရပါသည်။ Mr Chartsiri က လာမည့်နှစ် ၂၀ ကျော်တွင် အင်ဒိုနီးရှား၏ စီးပွားရေး အပေါင်းလက္ခဏာဆောင်စွာကြီးထွားနိုင်မှုနှင့်အတူ နိုင်ငံသည် ထိုင်းစီးပွားရေးလုပ်ငန်းများက ၎င်းတို့၏လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကိုတိုးချဲ့ရန်အတွက် သိသာထင်ရှားသောအခွင့် အလမ်းကို ပေးစွမ်းနိုင်ကြောင်းနှင့် BBL သည် ထိုလုပ်ငန်းများကိုပံ့ပိုးရန် ကောင်းမွန်သည့်နေရာတွင် တည်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။ ဘဏ်သည် အင်ဒိုနီးရှားတွင် စွမ်းအင်၊ ကုန်သွယ်ရေး၊ လက်လီရောင်းချခြင်းနှင့် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံ လျှက်ရှိသည့် အဓိက ထိုင်းကော်ပိုရေးရှင်းများကို ပံ့ပိုးပေးလျှက်ရှိကြောင်း သိရပါသည်။ BBL သည် အင်ဒိုနီးရှားဈေးကွက်သို့တိုးချဲ့လိုသည့် ထိုင်း SME လုပ်ငန်းများအားပံ့ပိုးပေးရန် စီစဉ်နေ ကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် ထိုင်းနိုင်ငံအတွက် ဗျူဟာမြောက်ကုန်သွယ်ရေးမိတ်ဖက် အဖြစ်ဆက်လက်ရပ်တည်နေပြီး ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၏တင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၁၀.၃ ဘီလီယံရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံသည်လည်း အင်ဒိုနီးရှား၏ စတုတ္ထ အကြီးမားဆုံးပို့ကုန်ဈေးကွက်ဖြစ်ပြီး ထိုင်းနိုင်ငံသို့တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၂၂ ဘီလီယံရှိကြောင်း သိရပါသည်။
Bangkok Post
DOCA (ရန်ကုန်)