အမေရိကန်သို့ စားအုန်းဆီတင်ပို့မှု ကျဆင်းနိုင်သည်ဟု အင်ဒိုနီးရှားကုန်သည်အသင်း ပြောကြား

Powered by Drupal

    အမေရိကန်နိုင်ငံသည် အင်ဒိုနီးရှားမှ တင်သွင်းသည့်ကုန်စည်များအပေါ် အကောက်ခွန် ၃၂ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်သောကြောင့် အင်ဒိုနီးရှားစားအုန်းဆီများ တင်ပို့မှုကျဆင်းနိုင် သည်ဟု အင်ဒိုနီးရှား စားအုန်းဆီအသင်း (GAPKI) ၏ အထွေထွေအတွင်းရေးမှူး Mr. Hadi Sugeng က ဇူလိုင် ၈ ရက်နေ့တွင် Reuters သို့ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

     စားအုန်းဆီထုတ်ကုန်ပစ္စည်းများသည် အင်ဒိုနီးရှား၏ အမေရိကန်သို့ ထိပ်တန်းပို့ကုန်များ တွင် ပါဝင်ကြောင်း၊ အမေရိကန်၏ အကောက်ခွန်နှုန်းထား တိုးမြှင့်ကောက်ခံမှု အကောင်အထည် ဖော်မည်ဆိုပါက လွန်ခဲ့သည့် ၃ နှစ်အတွင်း အမေရိကန်သို့ အင်ဒိုနီးရှားစားအုန်းဆီ တစ်နှစ်လျှင် ပျမ်းမျှတန်ချိန် ၂ ဒသမ ၂၅ သန်းခန့် တင်ပို့သည့်အပေါ် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း GAPKI ၏ အထွေထွေအတွင်းရေးမှူး Mr. Hadi က ပြောကြားခဲ့သည်။

     အင်ဒိုနီးရှားသည် ၂၀၂၄ ခုနှစ်တွင် စားအုန်းဆီ စုစုပေါင်း တန်ချိန် ၂၉.၅ သန်း တင်ပို့ခဲ့သည်။ စားအုန်းဆီ၏ ယှဉ်ပြိုင်နိုင်စွမ်းအားသည် ပဲပုပ်ဆီနှင့် မုန်ညှင်းဆီကဲ့သို့ အခြားဟင်းသီးဟင်းရွက်ဆီ များနှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဟင်းသီးဟင်းရွက်ဆီ တင်ပို့ သည့်နိုင်ငံများအပေါ် အမေရိကန်နိုင်ငံက သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းထား ပိုမိုနည်းပါး မည်ဆိုပါက ယှဉ်ပြိုင်နိုင်စွမ်းအား ကျဆင်းနိုင်ကြောင်း Mr. Hadi က ဆက်လက်ပြောကြားခဲ့သည်။

    မလေးရှားစားအုန်းဆီသည် ပိုမိုသက်သာသော အကောက်ခွန်နှုန်းထားဖြင့် တင်သွင်းခွင့်ရရှိထားရာ အမေရိကန်၏ စားအုန်းဆီတင်သွင်းမှု စုစုပေါင်းအနက် ၈၅ ရာခိုင်နှုန်းခန့် ရှိသည့် အင်ဒိုနီးရှား စားအုန်းဆီထုတ်ကုန်များသည် ဈေးကွက်ဝေစုဆုံးရှုံးနိုင်ခြေ ဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြထားပါသည်။ အင်ဒိုနီးရှား၏ ထိပ်တန်း ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေးမှူးသည် အမေရိကန် နိုင်ငံ၏ ကုန်သွယ်ရေးကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် ဇူလိုင် ၈ ရက်တွင် ဝါရှင်တန်ဒီစီသို့ သွား ရောက်ခဲ့သည်ဟု စီးပွားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

Source: Reuters, July 8th 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)