LPG ဓာတ်ငွေ့ရည်ကို အရှေ့အလယ်ပိုင်းဒေသအစား အမေရိကန်ထံမှ ပြောင်းလဲတင်သွင်းရန် အင်ဒိုနီးရှားစီစဉ်

Powered by Drupal

     အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အရှေ့အလယ်ပိုင်းဒေသမှ LPG ဓာတ်ငွေ့ရည်တင်သွင်းခြင်းကို လျော့ချပြီး အမေရိကန်နိုင်ငံထံမှ တိုးမြှင့်ဝယ်ယူသွားရန် စီစဉ်လျက်ရှိကြောင်း ဇူလိုင် ၄ ရက်နေ့၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အင်ဒိုနီးရှား စွမ်းအင်နှင့် သယံဇာတ ဒုတိယဝန်ကြီး Yuliot Tanjung က ပြောကြားခဲ့ပါသည်။

      အင်ဒိုနီးရှားသည် ယခင်နှစ်၌ ကူဝိတ်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့မှ ဒေါ်လာ ၇၁၄.၇၃ သန်းတန်ဖိုးရှိ LPG ဓာတ်ငွေ့ရည် (HS code 27111200) တန်ချိန် ၁.၂ သန်းကို တင်သွင်းခဲ့ပြီး၊ ယင်းနှစ်မှာပင် အမေရိကန်ထံမှ ဒေါ်လာ ၁ ဘီလီယံတန်ဖိုးရှိ LPG ဓာတ်ငွေ့ရည် တန်ချိန် ၁.၉၇ သန်းကို တင်သွင်းခဲ့ကြောင်း စာရင်းအင်းအချက်အလက်များ အရ သိရှိရပါသည်။

     အင်ဒိုနီးရှားအနေဖြင့် ၂၀၂၄ ခုနှစ်၌ တန်ဖိုးဒေါ်လာ ၄.၂ ဘီလီယံရှိသော ရေနံစိမ်း အပါ အဝင် စွမ်းအင်ထုတ်ကုန်များကို အမေရိကန်နိုင်ငံမှ ဝယ်ယူခဲ့ရာမှ နှစ်နိုင်ငံကုန်သွယ်ရေး ဟန်ချက် ညီမျှမှုကို အကူအညီဖြစ်စေရန်အတွက် ဒေါ်လာ ၁၅.၅ ဘီလီယံတန်ဖိုးအထိ တိုးမြှင့်ဝယ်ယူသွား ရန် စီစဉ်လျက်ရှိကြောင်း၊ အမေရိကန်သို့ တင်ပို့နေသည့် အင်ဒိုနီးရှားပို့ကုန်များအပေါ် အပြန် အလှန် အကောက်ခွန် ၃၂ ရာခိုင်နှုန်း စည်းကြပ်မှုမှ ရှောင်ရှားရန်နှင့် ဆက်လက်လုပ်ဆောင်နေ သည့် ကုန်သွယ်ရေးညှိနှိုင်းမှုများကို အထောက်အပံ့ပြုရန် ရည်ရွယ်၍ ယခုကဲ့သို့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဒေသတွင်း၌ နမူနာအနေဖြင့် ဗီယက်နမ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှု လုပ်ဆောင်ခဲ့ပြီးနောက် အပြန်အလှန် အကောက်ခွန်စည်းကြပ်မှုအား ၄၆ ရာခိုင် နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ လျော့ချနိုင်ခဲ့ကြောင်း၊ အင်ဒိုနီးရှားသည်လည်း နှစ်နိုင်ငံကုန်သွယ်မှုကို ညီမျှစေရန် အဆိုပါလမ်းကြောင်းအတိုင်း လိုက်ပါဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး Tanjung က ပြောကြားခဲ့ပါသည်။

     ဧပြီ ၂ ရက်နေ့တွင် အမေရိကန်သမ္မတ Donald Trump က ကြေညာခဲ့သည့် နိုင်ငံအသီးသီး မှ တင်သွင်းကုန်များအပေါ် အပြန်အလှန် အကောက်ခွန် စည်းကြပ်မှုမြှင့်တင်မည့် အစီအစဉ်တွင် အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်လျက်ရှိကြောင်း၊ အင်ဒိုနီးရှားသမ္မတ Prabowo Subianto အနေဖြင့် စီးပွားရေးရာဝန်ကြီး Airlangga Hartarto ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဝါရှင်တန်သို့ စေလွှတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် အဖြေတစ်ရပ်ရှာဖွေ ဖြေရှင်းနိုင်ရေး  ညှိနှိုင်းဆွေးနွေးမှုများစွာ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

Source : Antara News, July 5, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)