၂၀၂၅ ခုနှစ်၊ ဧပြီလတွင် လက်မှတ်ရေးထိုးခဲ့သော လုပ်ငန်းစဉ်သဘောတူညီချက်နှင့်အညီ ကမ္ဘောဒီးယားနိုင်ငံတွင် စိုက်ပျိုးသည့် လတ်ဆတ်သော ဒူးရင်းသီးများကို တရုတ်ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရန် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) ထံမှ တရားဝင် အတည်ပြုချက်ကို ရရှိခဲ့သည်ဟု ကမ္ဘောဒီးယားအစိုးရက ဇူလိုင်လ ၄ ရက်နေ့တွင် ကြေညာခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်သည် GACC မှ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)၊ အပင်ကျန်းမာရေးဆိုင်ရာ စံချိန်စံညွှန်း လိုအပ်ချက်များနှင့် တရုတ်နိုင်ငံ၏ အစားအသောက် ဘေး ကင်းလုံခြုံရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ဒူးရင်းသီး စိုက်ခင်းပေါင်း ၁၁၂ ခုနှင့် ထုပ်ပိုး သည့်စက်ရုံ ၃၀ ခုတို့၏ မှတ်ပုံတင်ခြင်းကို အကဲဖြတ်အတည်ပြုပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည် ဟု ကမ္ဘောဒီးယား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက ၎င်း၏ ဖေ့စ်ဘုတ်စာ မျက်နှာပေါ်တွင် ထုတ်ပြန်ချက်တစ်စောင်ဖြင့် ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါမှတ်ပုံတင်ထားသော စိုက်ခင်းပိုင်ရှင်များနှင့် ထုပ်ပိုးသည့်စက်ရုံများအားလုံး အနေ ဖြင့် သဘောတူညီချက်ပါ စည်းကမ်းချက်များကို တင်းကြပ်စွာ လိုက်နာရန်၊ အထူးသဖြင့် ပိုးမွှားကျရောက်မှုနှင့် ဓာတုပစ္စည်းအကြွင်းအကျန်များ သို့မဟုတ် တားမြစ်ထားသောပစ္စည်းများ ပါဝင်မှု မရှိစေရန် သတိထားရမည်ဟု စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပို့ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် ရေရှည်တည်တံ့မှုကို အာမခံနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် ကုန်တင်ပို့ရန် ရည်မှန်းထားသည့် အခြားစိုက်ခင်းပိုင်ရှင်များနှင့် ထုပ်ပိုးရေးစက်ရုံ များ အနေဖြင့်လည်း လိုအပ်သောအကဲဖြတ်မှုများ ပြုလုပ်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနတွင် အမြန်ဆုံးမှတ်ပုံတင်ရန် ဝန်ကြီးဌာနက တိုက်တွန်းခဲ့ပြီး အဆိုပါအောင်မြင်မှုသည် ကမ္ဘောဒီးယား နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား စိုက်ပျိုးရေးထွက်ကုန်များဆိုင်ရာ အားကောင်းသော ပူးပေါင်း ဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း အလေးအနက် ထည့်သွင်းပြောကြားခဲ့သည်။
ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော စပါး၊ ဆန်၊ ငှက်ပျောသီး၊ ပီလောပီနံ အချပ်များ၊ ပြောင်း၊ လုံငန်းသီး၊ သရက်သီးနှင့် ငရုတ်ကောင်းတို့အပြင် လတ်ဆတ်သော ဒူးရင်းသီးသည် ယခုအခါ တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခွင့်ရရှိသည့် ၉ ခုမြောက် သီးနှံအဖြစ် ပါဝင်လာခဲ့သည်။
Source: Cambodianess, July 5, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)