တရုတ်နိုင်ငံ၌ ထိုင်းအမှတ်တံဆိပ်ကပ် ဆန်များရောင်းချမှုတွင် ပတ်သက်မှုမရှိဟု ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် ငြင်းဆို

Powered by Drupal

    တရုတ်နိုင်ငံတွင် လက်ရှိကာလ၌ ထိုင်းအမှတ်တံဆိပ်ကပ်ဆန်များကို အွန်လိုင်းဈေးကွက် တွင် ရောင်းချနေမှုအပေါ် ပါဝင်ပတ်သက်ခြင်း အလျဉ်းမရှိဟု ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) က ငြင်းဆိုခဲ့ကြောင်း၊ ၅ ကီလိုဂရမ်ဝင် ဆန်ထုပ်များအား ထိုင်းဘာသာဖြင့် အညွှန်းကပ် ထားပြီး ထိုင်းနိုင်ငံတော်အလံနှင့်တူသည့် ဒီဇိုင်းပါရှိသော်လည်း ကမ္ဘောဒီးယားထုတ်ကုန်အဖြစ် ‌ဈေးကွက်တွင် ရောင်းချနေခြင်းဖြစ်ကြောင်း Phnom Penh Post သတင်းဌာနက ဖော်ပြပါသည်။

     ဇွန် ၂၉ ရက်နေ့၌ သတင်းထုတ်ပြန်ရာတွင် တရုတ်အရည်အသွေးစစ်ဆေးရေး ကုမ္ပဏီဖြစ် သည့် CCIC (Cambodia) Co., Ltd နှင့် ပူးပေါင်း၍ တရုတ်နိုင်ငံသို့ ဆန်တင်ပို့သည့် ၎င်းတို့၏ အသင်းဝင်အားလုံးကို သေချာစွာ စုံစမ်းစစ်ဆေးခဲ့ပြီး အဆိုပါဆန်ထုပ်ပိုးမှုများသည် ကမ္ဘောဒီးယား နိုင်ငံ၌ ပုံနှိပ်ခဲ့ခြင်းမဟုတ်ဟု အတည်ပြုကြောင်း CRF အသင်းချုပ်က အများပြည်သူသို့ အသိပေး ခဲ့သည်။

    ကမ္ဘောဒီးယားမှ တရုတ်သို့ တင်ပို့သော ဆန်အများစုမှာ ၂၅ ကီလိုဂရမ် သို့မဟုတ် ၅၀ ကီလိုဂရမ် အိတ်များဖြင့် ထုပ်ပိုးထားပြီး ထိုင်းအလံနှင့်တူသော ဒီဇိုင်းပါသည့် မည်သည့်ထုပ်ပိုးမှု နှင့်မှ မသက်ဆိုင်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် ကမ္ဘာတစ်ဝှမ်း အခြားမည်သည့်နိုင်ငံများ၏ နိုင်ငံတော်အလံများနှင့်မဆို တူညီသော၊ ဆင်တူသော သို့မဟုတ် တစ်စိတ်တစ်ပိုင်းတူသော သင်္ကေတများ အသုံးပြုခြင်း အပါအဝင် မျှတမှုမရှိသော ယှဉ်ပြိုင်မှုများကို တားမြစ်သည့် ကုန် အမှတ်တံဆိပ်ဥပဒေများနှင့် စည်းမျဉ်းများကို သေချာစွာ လိုက်နာလျက်ရှိကြောင်း CRF က ရှင်း လင်းပြောကြားခဲ့သည်။

    CRF ၏ ဆန်တင်ပို့မှုဆိုင်ရာ နောက်ဆုံးအချက်အလက်များအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ဆန်တန်ချိန် ၃၄၄၁၉၉ တန်ကို တင်ပို့ခဲ့ကြောင်း၊ ၂၀၂၄ခုနှစ် ကာလတူပမာဏနှင့် နှိုင်းယှဉ်ပါက ၁၃.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့မှုများမှ အမေရိကန်ဒေါ်လာ ၂၅၂.၃ သန်း ဝင်ငွေရရှိခဲ့ပြီး ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ နှင့် တရုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ တင်ပို့မှုများအနေဖြင့် ၉၀၆၆၅ တန် (အမေရိကန် ဒေါ်လာ ၅၃.၂၅ သန်း) ဖြစ်ကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် စုစုပေါင်း ဆန်တန်ချိန် ၆၅၁၅၂၂ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၉၁.၁၉ သန်း ဝင်ငွေရရှိခဲ့ကြောင်း၊ အဆိုပါ တင်ပို့မှုများအနက် အမေရိကန် ဒေါ်လာ ၇၅.၆၆ သန်းတန်ဖိုးရှိသော ဆန်တန်ချိန် ၁၁၇၉၂၅ ကို တရုတ်နိုင်ငံနှင့် တရုတ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများသို့ ရောင်းချခဲ့ကြောင်း သိရှိရသည်။

Source: Phnom Penh Post, June 30, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)