
ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet က တရုတ်၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများအား နိုင်ငံကို ပူးပေါင်းဆောင်ရွက်မှုပုံစံအားလုံးအတွက် ရင်းနှီးမြှုပ်နှံမှုဦးတည်ရာ အဖြစ် ယူဆရန်တိုက်တွန်းခဲ့ပြီး အစိုးရသည် ရင်းနှီးမြှုပ်နှံမှုကို မြင့်မားစွာတန်ဖိုးထားကြောင်းနှင့် ကြိုဆို ကြောင်း ပြောကြားခဲ့ပါသည်။ Cambodia Confederation of Investors Association (CCIA) ၏ ညစာစားပွဲအခမ်းအနားတွင် Hun Manet က ရင်းနှီးမြှုပ်နှံသူသည် ကမ္ဘောဒီးယား တွင် ဆက်လက်ရင်းနှီးမြှုပ်နှံမည်ဟု မျှော်လင့်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေရန် လာရောက်မည့်သူများသည် ရင်းနှီးမြှုပ်နှံရန်နှင့် ကမ္ဘောဒီးယားနှင့် ကမ္ဘာတစ်လွှားရှိ အခြားနိုင်ငံများကြား ကုန်ထုတ်လုပ်မှုကွင်းဆက်ချိတ်ဆက်ရန်အတွက် ရွေးချယ်နိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ထိုအခမ်းအနားကို ဆီးနိတ်နှင့် အမျိုးသားလွှတ်တော်မှအဖွဲ့ဝင်များ၊ ကမ္ဘောဒီးယားရှိများစွာသောနိုင်ငံများမှ သံအမတ်များနှင့် CCIA မှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြောင်း သိရပါသည်။ ကမ္ဘောဒီးယားအစိုးရသည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကိုထိန်းသိမ်းရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်၊ ရင်းနှီးမြှုပ်နှံမှုဆွဲဆောင်ရန်နှင့် ပြည်သူလူထု၏လူမှုဘဝ မြှင့်တင်ရန် ဆက်လက်ခိုင်မြဲစွာ ကတိကဝတ်ပြုကြောင်း သိရပါသည်။ Manet က CCIA ၏ ဥက္ကဌ Ly Khun Thai နှင့် အဖွဲ့ဝင်များကို ကမ္ဘောဒီးယားသို့ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ခြင်းနှင့် မြှင့်တင်ခြင်းတို့အတွက် ချီးမွမ်းခဲ့ပြီး အစိုးရသည်လည်း နိုင်ငံ၏ စီးပွားရေးရပ်ဝန်းတိုးတက်ရန် များစွာသောမူဝါဒများနှင့် အကောင်အထည်ဖော်လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ CCIA ၏ ဥက္ကဌ Khun Thai က ၎င်း၏ အသင်းသည် ရင်းနှီးမြှုပ်နှံမှုယုံကြည်ချက်တည်ဆောက်ခြင်း၊ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ခြင်း၊ ပြည်သူလူထု၏လူမှုဘဝမြှင့်တင်ခြင်းနှင့် ကမ္ဘောဒီးယား၏ နိုင်ငံတကာပုံရိပ်မြှင့်တင်ခြင်းတို့ပါဝင်သော ၎င်းတို့၏ဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားရန်ကတိပြုခဲ့ကြောင်း သိရပါသည်။ အသင်းသည် ကမ္ဘောဒီးယား နိုင်ငံအား ၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ်အထက်ဝင်ငွေရှိသည့်နိုင်ငံနှင့် ၂၀၅၀ ပြည့်နှစ်တွင် ဝင်ငွေမြင့်နိုင်ငံအဖြစ် အသွင်ကူးပြောင်းမည့် အစိုးရ၏မျှော်မှန်းချက်နှင့်အညီ ချိန်ညှိလုပ်ဆောင် လျှက်ရှိကြောင်း သိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ၏အဆိုအရ နိုင်ငံသည် ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတာကာလတွင် စုစုပေါင်းမတည်ငွေ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၉၀ ခုကို ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက အရေအတွက်တွင် ၉၀ ရာခိုင်နှုန်းနှင့် မတည်ငွေတန်ဖိုးတွင် ၅၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)