၂၀၂၅ ခုနှစ်၏ ပထမ ၅ လတာကာလတွင် ဥရောပသမဂ္ဂနှင့် ယူကေသို့တင်ပို့မှုမြင့်တက်ခဲ့သည့် ကမ္ဘောဒီးယား

Powered by Drupal

           စက်ဘီးများ၊ သရက်သီးများ၊ အဝတ်အထည်များနှင့် ဖိနပ်တင်ပို့မှုမြင့်တက်မှု၏ မောင်းနှင်အားကြောင့် ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတွင် ဥရောပသမဂ္ဂ(EU) နှင့် ယူကေ နှစ်ခုစလုံး သို့ ကမ္ဘောဒီးယား၏တင်ပို့မှု အားကောင်းခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနကထုတ်ပြန်သည့် တရားဝင်ကုန်သွယ်ရေးအချက်အလက်များအရ သိရပါသည်။ ကမ္ဘောဒီးယားသည် ထို ၅ လတာ ကာလအတွင်း EU သို့တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၉၂ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၃.၃၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ သို့သော် EU ထံမှ ပြန်လည်တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၃၀၄ သန်းဖြင့် ၆.၇၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုအားကောင်းခဲ့သည့်ပို့ကုန်အမျိုးအစားများမှာ စက်ဘီး အစိတ်အပိုင်း (၂၀၆.၀၄ ရာခိုင်နှုန်းမြင့်တက်)၊ သရက်သီးများ ( ၂၁၂.၄၂ ရာခိုင်နှုန်းမြင့်တက်) နှင့် ငရုတ်ကောင်း ၁၁၅.၈၉ ရာခိုင်နှုန်းမြင့်တက်) တို့ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် မော်တော်ကားအစိတ်အပိုင်းတင်ပို့မှုနှင့် သကြားတင်ပို့မှုမှာ ၇.၁၀ ရာခိုင်နှုန်းနှင့် ၉၉.၈၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ ယူကေနှင့်ကုန်သွယ်မှုမှာလည်း အပေါင်းလက္ခဏာ ဆောင်သည့် လမ်းကြောင်းပေါ်တွင်ရှိခဲ့ကြောင်း သိရပါသည်။ ထို ၅ လတာကာလတွင် ကမ္ဘောဒီးယားသည် အမေရိကန်ဒေါ်လာ ၃၉၄.၁၀ သန်းတန်ဖိုး ယူကေသို့တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ် ပါက ၁၅.၅၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန် ဒေါ်လာ ၂၁.၀၂ သန်းတန်ဖိုး ယူကေထံမှ ပြန်လည်တင်သွင်း ခဲ့ပြီး ၁၀.၁၃ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း သိရပါသည်။ တင်ပို့မှုအားကောင်းခဲ့သည့် ပို့ကုန်အမျိုး အစားများမှာ အဝတ်အထည်နှင့် ဖိနပ်တို့ဖြစ်ပြီး ၁၉.၅၄ ရာခိုင်နှုန်းနှင့် ၃၇.၅၁ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Khmer Times

DOCA (ရန်ကုန်)