
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေ၊ ကမ္မနှင့် ကျွန်းဦး၊ ကျွန်းညို၊ စံပယ်ကုန်း၊ ဆယ်ရွာ၊ ကုက္ကိုလှ၊ နန်းတော်ရပ် ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရ လွယ်ကူသော စားဖိုဆောင်သီးနှံ ရုံးပတီသီးကို တပိုင်တနိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရှိရသည်။
ရုံးပတီသီးနှံကို ရာသီမရွေးစိုက်ပျိုးနိုင်ကြောင်း၊ မြောင်းဖော်၍ ဘောင်ခတ်ပြီး စိုက်ပျိုးရကြောင်း၊ မျိုးအနေဖြင့် ပင်ပု၊ ပင်လတ်၊ ပင်မြင့်(၃)မျိုးရှိကြောင်း၊ ပင်လတ်ရုံးပတီသီးမျိုးကို အများဆုံး စိုက်ပျိုးကြောင်း၊ တစ်ဧကလျှင် မျိုးစေ့(10)Kg ပါတစ်ထုပ်ခန့် ကုန်ကျကြောင်း၊ တန်းကြား၂ ပေခွဲ၊ ပင်ကြား ၁ ပေခွဲ ခန့်ထား၍ စိုက်ပျိုးကြောင်း၊ မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ အလုပ်သမား ငှားရမ်းခ တစ်ဧကလျှင် ကျပ်(၄)သိန်းခန့် ကုန်ကျကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်(၂)သိန်းဝန်းကျင်ခန့် ရရှိကြောင်း၊ ရုံးပတီသီးနှံမှာ (၃)ရက်ခြား တစ်ကြိမ်ခန့် ဆွတ်ခူးရကြောင်း၊ တစ်ဧကလျှင် ရုံးပတီသီး ပိဿာချိန် (၁၀၀၀ မှ ၁၂၀၀)ခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်(တတိယပတ်)တွင် အရောင်း အဝယ်ဖြစ်နေသော ဈေးမှာ တောင်သူလက်ကားရောင်းဈေး တစ်ပိဿာလျှင် ကျပ်(၂၅၀၀) ဈေးဖြင့် ဖောက်သည်ပေးသွင်းရပြီး လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် ကျပ်(၂၈၀၀-၃၀၀၀) ပေါက်ဈေး ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းသို့ ဝယ်ယူကြခြင်းအပြင် ပခုက္ကူမြို့ပေါ်ရှိ သီးနှံဈေးကွက်သို့လည်း တင်ပို့ရောင်းချကြောင်း၊ ရုံးပတီသီးနှံသည် ရာသီမရွေး စိုက်ပျိုးနိုင် ပြီး ဈေးကောင်းရရှိသည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိကြောင်း တောင်သူ တစ်ဦးထံမှ သိရှိရသည်။
DOCA(မကွေး)