
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ရွာသစ်၊ အနောက်ပိုင်းရပ်ကွက်နှင့် ကိုးထောင့်အုပ်စုအတွင်းရှိ ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး သီးနှံမျိုးစုံ အနက် ဆီထွက်သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးလျက်ရှိပြီး နှမ်းသီးနှံများကို မိုးကြို နွေနှမ်း၊ ဆောင်းနှမ်း ဟူ၍ နှစ်မျိုးစိုက်ပျိုးလျက်ရှိသည်။ ယခုနှစ်တွင် (မိုးကြို)နွေနှမ်းစိုက်ဧက(၂၀)ခန့် စိုက်ပျိုးထားရှိ ကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး ဇွန် လတွင် သီးနှံထွက်ပေါ်ကြောင်း၊ မျိုးအနေဖြင့် နှမ်းနက်(စမုန်)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ နွားရှဉ်းဖြင့် ထွန်ယက်ပြီး ကြောင်းဆွဲ၍ ကြဲပက်စိုက်ပျိုးကြောင်း၊ တစ်ဧက မျိုးစေ့(၂)ပြည်ခန့် ကုန်ကျပြီး မျိုးတစ်ပြည်လျှင် ကျပ်(၁၅၀၀၀)ဈေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ မိမိစိုက်ခင်းထွက် ဒေသမျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ မျိုး၊ သွင်းအားစု၊ အလုပ်သမားခ စုစုပေါင်း ကျပ်(၅)သိန်းမှ (၆)သိန်းထိ ကုန်ကျကြောင်း၊ တောင်သူ တစ်ဦးချင်း သုံးစွဲမှုမတူညီ၍ ကုန်ကျစရိတ်မတူညီကြောင်း၊ ယခုနှစ် သီးနှံအစေ့အောင်ပြီး အသီး ရင့်ချိန်တွင် မိုးများစွာ ရွာသွန်းခြင်းကြောင့် သီးနှံအထွက်နည်းကြောင်း၊ တစ်ဧက (၄-၅)တင်းခန့် ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နှမ်းနက်(စမုန်)တစ်တင်းလျှင် သီးနှံအရည်အသွေးလိုက်၍ ကျပ်(၂၂၀၀၀၀ မှ ၂၆၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ်(၅)သိန်း မှ (၆)သိန်းထိ ရရှိကြောင်း သိရှိရသည်။
ပြည်တွင်းဈေးကွက်အနေဖြင့် ဒေသတွင်းထွက်ရှိသည့် နှမ်းနက်(စမုန်)များကို ဆိပ်ဖြူမြို့ ပေါ်နှင့် ချောက်မြို့ပေါ်ရှိပွဲရုံများသို့ တင်ပို့ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ ရောင်းချကြောင်း၊ ပြည်ပဈေးကွက်အနေဖြင့် ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ကြောင်း၊ ပြည်တွင်း စားသုံးမှု မြင့်မားပြီး ပြည်ပအဝယ်လိုက်၍ ဈေးကွက်ခိုင်မာမှုရှိသော နွေနှမ်းသီးနှံများ ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် နွေနှမ်းစိုက်တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရှိရ သည်။
DOCA(မကွေး)