
ပိန္နဲပင်များကို အစေ့ပျိုး၍သော်လည်းကောင်း၊ အကိုင်းကိုမြေထုပ် ဆွဲနည်းဖြင့်သော်လည်း ကောင်း၊ ကိုင်းကူးနည်းဖြင့်သော်လည်းကောင်း အပင်ပျိုး၍ရသော်လည်း မြန်မာနိုင်ငံ၌ အစေ့ပျိုး၍ စိုက်ပျိုးလေ့ရှိကြပါသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၌ ရာသီစာပိန္နဲသီးများကို သရက်အုပ်၊ ယောစု၊ သဲကုန်း၊ သံဗိုလ်၊ ဒေးဒရဲကျေးရွာများရှိ ပိန္နဲသီးခြံများမှ ဝယ်ယူ၍ မင်းဘူး-စကုလမ်းဘေး၌ ရောင်းချကြောင်း သိရသည်။ ပိန္နဲသီးများသည် နယုန်လနှင့် ဝါဆိုလများတွင် လှိုင်လှိုင်ပေါ်ကြောင်း သိရသည်။
ပိန္နဲသီးမှည့် ဈေးနှုန်းများမှာ အသီးအမျိုးအစား အရွယ်အစားအလိုက်အမျိုးမျိုးရှိပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ(တတိယပတ်)တွင် အိမ်မာ အကြီး(၁)လုံးလျှင် ကျပ်(၂၀၀၀၀-၃၀၀၀၀)၊ အိမ်မာ အသေး(၁) လုံးလျှင် ကျပ်(၈၀၀၀-၁၀၀၀၀)၊ အိမ်ပျော့ အကြီးအသေး ပေါ်မူတည်၍ (၁)လုံးလျှင် ကျပ်( ၈၀၀၀-၉၀၀၀-၁၀၀၀၀)၊ ပိန္နဲဆံ အစေ့(၅၀)လျှင် ကျပ်(၁၀၀၀)၊ ပိန္နဲဆံ အစေ့(၂၀)လျှင် ကျပ်(၅၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ပိန္နဲသီးစိမ်းကို ချက်စား၍ သော်လည်းကောင်း၊ အတို့အမြှုပ် အဖြစ်လည်းကောင်း ပြုလုပ်စားသုံးကြောင်းသိရှိရသည်။ ချိုချိုစိမ့်စိမ့် အရသာကြောင့် ပိန္နဲသီးကို ခုံခုံမင်မင် ဝယ်ယူစားသုံးကြပါသည်။ မြန်မာဆေးကျမ်းများအရ ပိန္နဲသီးသည် ရုတ်တရက် နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်း၊ သွေးကြောကျဉ်းခြင်း၊ အူမကြီးကင်ဆာ အစရှိသောရောဂါများမဖြစ်အောင်လည်း ကာ ကွယ်ပေးပါသည်။ အရိုးသန်မာစေပါသည်။ ဆီးချိုရောဂါဖြစ်နိုင်ခြေနည်းစေပါသည်။ ထို့ကြောင့် မကွေးတိုင်းဒေသကြီးတွင် အာဟာရဓါတ်ပြည့်ဝပြီး ဈေးကောင်းရသည့် ပိန္နဲပင်ကို စားသုံးရုံသာမက မိသားစုတစ်နိုင်တစ်ပိုင်ဝင်ငွေတိုးစေရေးအတွက်လည်း ဝိုင်း/ ခြံများတွင် တိုးချဲ့စိုက်ပျိုးမှုများလာ ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
DOCA(မကွေး)