ကြက်သွန်ဖြူစိုက်ပျိုးထားရှိမှုနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

           မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော နစောင်ရွာ၊ ညောင်တိုရွာ၊ နန်းတည်းရွာနှင့် အင်းတဲရွာများတွင် ကြက်သွန်ဖြူ(ဆောင်း)သီးနှံများ ဒေသတွင်းစားသုံးရန် နှစ်စဉ် စိုက်ပျိုးထွက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တောင်သာ မြို့နယ်၌  ကြက်သွန်ဖြူစိုက်ဧက (၃၂၀)ဧက စိုက်ပျိုးထားရှိမှုတွင် ဧကအားလုံး ရိတ်သိမ်းပြီးကြောင်း၊ အထွက်နှုန်းအနေဖြင့်(၁၃၅၀) ပိဿာခန့် ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်ဖြူများကို မြင်းခြံမြို့ပေါ်ရှိ ပွဲရုံများသို့ တောင်သူများ ကိုယ်တိုင် လာရောက်ရောင်းချပြီး အကျိုးအမြတ်လည်း ရရှိကြောင်းသိရှိရသည်။ စားဖိုဆောင်အုပ်စုဝင်ဖြစ်သော ကြက်သွန်ဖြူ ဆောင်းသီးနှံကို စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် စိုက်ပျိုးပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်းသိရှိရသည်။

        မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ယခုဇွန်လ ဒုတိယပတ်တွင်ရောင်းချနေသော ဗမာကြက်သွန်ဖြူကြီးစ(၁) ပိဿာ(၉၀၀၀-၉၅၀၀) ကျပ်၊ အလတ်စ(၁)ပိဿာ (၇၅၀၀-၈၅၀၀)ကျပ်၊ အသေးစ (၁)ပိဿာ (၅၅၀၀-၆၅၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ယခုအချိန်တွင် ဒေသတွင်းကျေးရွာများမှ ဗမာကြက်သွန်ဖြူများ ထွက်ရှိချိန်ကာလဖြစ်သောကြောင့် ဈေးကွက်တွင် ဈေးနှုန်းသက်သာစွာဝယ်ယူ စားသုံးရကြောင်း၊ မြန်မာလူမျိုးတို့သည် ကြက်သွန်ဖြူကို ဟင်းလျာတိုင်းတွင် ချက်ပြုတ်စားသုံးကြသောကြောင့် ဈေးကွက်တွင်အရောင်းအဝယ် သွက်လျက်ရှိကြောင်း ကြက်သွန်ဖြူရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ ဒေသတွင်း ကြက် သွန်ဖြူများ ထွက်ပေါ်ချိန်ကုန်ဆုံးပါက ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့၊ မန္တလေးမြို့တို့မှ ဝယ်ယူတင်သွင်းပြီး မြင်းခြံဈေးကွက်သို့ဖြန့်ဖြူးရောင်းချကြောင်း သိရှိရသည်။ ကြက်သွန်ဖြူ စားသုံးခြင်းသည် နှလုံးကျန်းမာရေးကို အထောက်အကူပြုပြီး ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ကြောင်း၊ အစာအိမ်နှင့်အူမကြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးကြောင်း သိရှိရသည်။

DOCA(မန္တလေး)