
မြင်းခြံမြို့နယ်သည် မိုးနည်းရပ်ဝန်း အပူပိုင်းဒေသဖြစ်သောကြောင့် ဂျူးပင်များ စိုက်ပျိုးဖြစ် ထွန်းမှုမရှိကြောင်း၊ မြင်းခြံမြို့အေးမြသီတာဈေးတွင် ရောင်းချနေသော ဂျူးမြစ်များကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ရှိကုန်စိမ်းပွဲရုံများမှ မှာယူရောင်းချကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်တွင် ဂျူးမြစ် ၂၅ ကျပ်သားလျှင် (၂၅၀၀ - ၃၀၀၀) ကျပ်၊ ၁ ပိဿာလျှင် (၉၅၀၀-၁၁၀၀၀) ကျပ် ပေါက်ဈေးများရှိကြောင်း၊ အရည်အသွေးနှင့် လတ်ဆတ်မှု အပေါ်တွင် ဈေးနှုန်းများ အနည်းအငယ် ကွာခြားကြောင်း၊ စားသုံးမှုများ၍ ဒေသတွင်းအရောင်း အဝယ်ကောင်းကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ စားသုံးမှု အနေဖြင့်ဂျူးမြစ်နှင့် ကြက်ခြေထောက်မာလာသုပ်၊ ဂျူးမြစ်ထောင်း၊ ဂျူးမြစ်အစပ်ကြော် စသည် တို့ဖြင့် အမျိုးမျိုးချက်ပြုတ်စားသောက်ကြကြောင်း၊ ဂျူးမြစ်သည် အရေပြား ကျန်းမာရေးအတွက် များစွာအကျိုးပြုပြီး၊ အစိုဓာတ်ထိန်းပေး၍ အသားအရည်ကြည်လင်လှပကြောင်း၊ ဂျူးမြစ်တွင်ပါဝင်သော အမိုင်နိုအက်ဆစ်၊ ဗီတာမင်သတ္တုဓာတ်များသည် အနာများကို မြန်မြန်ကျက်စေပြီး အရေပြား ဆဲလ်များကို ပြန်လည်တည်ဆောက်ပေးကြောင်း၊ အစာချေစနစ်ကို ကောင်းမွန်၍ အစာအိမ်ရောင် ခြင်း၊ အူလမ်းကြောင်းပြဿနာများကို သက်သာစေကြောင်း၊ အင့်တီအောက်ဆီးဒန့်များစွာ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသောကြောင့် လတ်ဆတ်သော ဂျူးမြစ်များကို ရွေးချယ်စားသုံးသင့်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)