
ပန်းဂေါ်ဖီဆိုသည်မှာ အရိုးတံ စိမ်းစိမ်း အရွက်ဖက် စိမ်းစိမ်းလေးများနှင့် အပွင့်အခက် လေးများမှာ အဖြူရောင် အဆုတ်လိုက်ကလေးနဲ့ ခပ်သိပ်သိပ်လေးဆိုရင် ပိုကောင်းပါသည်။ ပန်းဂေါ်ဖီကို သူ့ချည်းကြော်စားလို့ရသလို အခြား အသီးအရွက်တွေ၊ အသား၊ ဘဲဥနဲ့ အခြားသော နှစ်သက်ရာတွေနဲ့ ကြော်စားလို့ ရပါသည်။ ချဉ်ရည်ဟင်းချက်စားလို့ ရသလို လက်ဖက်နဲ့ သုပ်စားရင် လည်းအတော်လေး စားကောင်းလှပါသည်။ ပန်းဂေါ်ဖီသည် ဂေါ်ဖီထုပ်ကဲ့သို့ အအေးကြိုက် သော်လည်း ဂေါ်ဖီ ထုပ်ထက် အပူဒဏ်ခံနိုင်သည်။ အေးပြီး အစိုဓာတ် အမြဲရရန်လိုပါသည်။ ရာသီဥတု ခြောက်သွေ့နေလျှင် အပွင့်ဖြစ်မလာနိုင်ပါ။ ထို့ကြောင့်ပန်းဂေါ်ဖီစိုက်လျှင် မြေအမျိုးအစား ထက် ရာသီဥတုကပို အရေးကြီးလှပါသည်။ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် သက်လျင်မျိုးကို စိုက်ပျိုးကြပြီး သက်တမ်းမှာ ရက်(၉၀)ဖြစ်ပြီး အပွင့်အရွက်ငယ်ပြီး ကျစ်လျစ်သည်။ မြေပြန့်ဒေသများတွင် အများဆုံးစိုက်ပျိုး ကြသည်။ သက်တမ်းကိုလိုက်၍ ရွေ့စိုက်ပြီး (၂-၂.၅) လအကြာတွင် ပန်းပွင့်ကို စတင်ခုတ်နိုင်ပါသည်။ အဝေးသို့တင်ပို့ပါက အရွက်ကို(၂-၃)ရွက်ချန်၍ နှုတ်ရပါသည်။ တစ်ဧကလျှင် ဂေါ်ဖီပန်းပွင့် မျိုးကိုလိုက်၍ တန်ချိန်(၅-၈)တန်ထွက်နိုင်ပါသည်။ ပန်းဂေါ်ဖီ တွင် အစိမ်းမျိုးနှင့် အဖြူမျိုးဆိုပြီး (၂) မျိုးရှိပါသည်။ ယခုပန်းဂေါ်ဖီအဖြူမျိုးမှာ ပေါ်ဦးပေါ်ဖျားတွင် အပွင့် ချောကြီးတစ်ပွင့်လျှင် ကျပ် (၂၅၀၀)၊ အပွင့်လတ်တစ်ပွင့်လျှင် ကျပ် (၂၀၀၀ - ၁၅၀၀)၊ အပွင့်သေးသေး တစ်ပွင့်လျှင် ကျပ် (၁၀၀၀) ရှိပြီး အရောင်းအဝယ်ကောင်းကြောင်း သိရပါသည်။ ပေါ်ကာစ ပန်းဂေါ်ဖီများ ပြည်မြို့မှတစ်ဆင့် ရန်ကုန်နှင့် အခြားမြို့နယ်များသို့လည်း တင်ပို့ကြောင်းသိရပါသည်။
DOCA(ပဲခူး)