၂၀၂၅ ခုနှစ်၏ ပထမ ၅ လတာကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမြင့်တက်ခဲ့သည့် ဗီယက်နမ်

Powered by Drupal

       ၂၀၂၅ ခုနှစ်၏ ပထမ ၅ လတွင် ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၁၈.၄ ဘီလီယံ တန်ဖိုးရှိသော ပြည်ပရင်းနှီးမြှုပ်နှံမှုများရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလထက် ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီ၏ အဆိုအရသိရပါသည်။  ထိုစုစုပေါင်းတန်ဖိုးထဲမှ အမေရိကန်ဒေါ်လာ ၇.၀၂ ဘီလီယံသည် လိုင်စင်သစ်ချထားပေးသည့် စီမံကိန်း ၁၅၄၉ ခုထံမှရရှိခဲ့ခြင်းဖြစ်ပြီး တန်ဖိုးတွင် ၁၃.၂ ရာခိုင်နှုန်းကျဆင်း ခဲ့သော်လည်း စီမံကိန်းအရေအတွက်တွင် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် မတည်ငွေထပ်တိုးသည့်စီမံကိန်း ၆၇၂ ခုမှ အမေရိကန်ဒေါ်လာ ၈.၅၁ ဘီလီယံရရှိခဲ့ကြောင်း သိရပါသည်။ ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက မတည်ငွေတွင် ပူးပေါင်းခြင်းနှင့် ရှယ်ယာဝယ်ယူခြင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၈၅ ဘီလီယံရှိခဲ့ကြောင်း သိရပါသည်။ ထို ၅ လတာကာလအတွင်း ကုန်ထုတ်လုပ်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍသည် အမေရိကန်ဒေါ်လာ ၁၀.၃၉ ဘီလီယံဖြင့် ရင်းနှီးမြှုပ်နှံမှုအများဆုံးဆွဲဆောင်နိုင်ခဲ့ပြီး ၎င်းကဏ္ဍ၏ နောက်တွင် အိမ်ရာမြေကဏ္ဍက အမေရိကန်ဒေါ်လာ ၄.၉၉ ဘီလီယံ၊ သိပ္ပံနှင့် နည်းပညာကဏ္ဍက အမေရိကန်ဒေါ်လာ ၁.၀၂ ဘီလီယံနှင့် လက်လီနှင့်လက်ကားရောင်းချမှုကဏ္ဍက အမေရိကန် ဒေါ်လာ ၅၉၆.၈ သန်းဖြင့်ရပ်တည်နေကြောင်း သိရပါသည်။ မေလ ၃၁ ရက်နေ့အထိတွင် ဗီယက်နမ်သည် စုစုပေါင်းမှတ်ပုံတင်မတည်ငွေ အမေရိကန်ဒေါ်လာ ၅၁၇.၁၄ ဘီလီယံတန်ဖိုးရှိ သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၄၃၃၄၆ ခုကို ရရှိခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ အေဂျင်စီ ၏ အဆိုအရ လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့စီးပွားရေးမသေချာမ‌ရေရာမှုများကြားတွင် ဗီယက်နမ်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ တည်ငြိမ်စွာကြီးထွားနေကြောင်း သိရပါသည်။ စီမံကိန်းသစ်မှတ်ပုံတင်မှု၊ မတည်ငွေချိန်ညှိထပ်တိုးမှုနှင့် ရှယ်ယာဝယ်ယူမှုမြင့်တက်လာခြင်းသည် ရင်းနှီးမြှုပ်နှံသူများက ဗီယက်နမ်ဈေးကွက်အပေါ်ယုံကြည်ချက်အားကောင်းလာမှုကို ရောင်ပြန်ဟပ်ကြောင်း အေဂျင်စီက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)