
၂၀၂၅ ခုနှစ်၏ ဇန်နဝါရီလမှ မေလထိ ၅ လတာကာလအတွင်း ကမ္ဘောဒီးယားဖွံ့ဖြိုး တိုးတက်ရေးကောင်စီ (CDC) သည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံကျော်တန်ဖိုး ရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၉၀ ခုကို ခွင့်ပြုခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ် ပါက တန်ဖိုးတွင် ၅၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အရေအတွက်တွင် ၉၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း CDC ၏ ဇွန်လ ၁၀ ရက်နေ့ကထုတ်ပြန်ချက်အရ သိရပါသည်။ ထိုတန်ဖိုးထဲတွင် စက်မှု ကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုမတည်ငွေဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံကျော် တန်ဖိုးရှိပြီး အခြေခံအဆောက်အအုံသို့ အမေရိကန်ဒေါ်လာ ၅၅၈ သန်းနှင့် ခရီးသွားကဏ္ဍသို့ အမေရိကန်ဒေါ်လာ သန်း ၂၀ ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။ တရုတ်သည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် ဦးဆောင်ခဲ့ပြီး ၎င်း၏နောက်တွင်ပြည်တွင်းရင်းနှီးမြှုပ်နှံသူများ၊ ဗီယက်နမ်နှင့် စင်ကာပူရင်းနှီးမြှုပ်နှံသူများကရပ်တည်နေကြောင်း သိရပါသည်။ ကမ္ဘောဒီးယား နိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် CDC ၏ ဒုတိယဥက္ကဌ တစ်ဖြစ်သူ Sun Chanthol က ငြိမ်းချမ်းရေး နှင့် တည်ငြိမ်မှုအားကောင်းခြင်းက နိုင်ငံတွင်းရင်းနှီးမြှုပ်နှံရန်အတွက် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်ချက်ကိုတည်ဆောက်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားအစိုးရသည် လည်းကုန်သွယ်ရေးအတားအဆီးများလျှော့ချခြင်း၊ အကောက်ခွန်လုပ်ငန်းစဉ်များနှင့် စီးပွားရေး မှတ်ပုံတင်သည့်လုပ်ငန်းစဉ်များ မြန်ဆန်ရေးအတွက် လုပ်ကိုင်လျှက်ရှိပြီး ရှင်းလင်းပြီး မြင်သာ သော ဥပဒေရပ်ဝန်းကို ဖန်တီးလျှက်ရှိကြောင်း Chanthol က ပြောကြားခဲ့ပါသည်။ ကမ္ဘောဒီးယားနိုင်ငံကုန်သည်များအသင်း၏ ဒုတိယဥက္ကဌ Lim Heng ကများစွာသောကုန်သွယ် ရေးသဘောတူညီချက်များတွင် နိုင်ငံ၏ပါဝင်မှုက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို သိသာစွာအရှိန်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယား သည် စုစုပေါင်းမတည်ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံတန်ဖိုးရှိသော စာရင်းသေရင်းနှီးမြှုပ်နှံမှု ၄၁၄ ခုကို ဆွဲဆောင်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
Khmer Times
DOCA (ရန်ကုန်)