
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး စားသုံးသူများနေ့စဉ် ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကိုလည်း စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်လျက်ရှိပါသည်။(၁.၆.၂၀၂၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့ပေါ်ရပ်ကွက်နှင့် ပဒေသာဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥ လက်လီ/လက္ကားရောင်းချသော အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဟင်္သာတမြို့နယ်အတွင်းရောင်းချသော ကြက်ဥ၊ ဘဲဥများကို ဒေသတွင်း ကြက်ခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ ရန်ကုန်မြို့မှလည်း မှာယူရောင်းချကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ (ပထမပတ်)တွင် ကြက်ဥအလုံးကြီး(၁၀)လုံးလျှင် (၃၈၀၀ ကျပ်)၊ ကြက်ဥ အလုံးအသေး (၁၀)လုံးလျှင် ကျပ်(၃၆၀၀ ကျပ်)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ်(၄၅၀၀ မှ ၄၇၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်ဥ(၁၀) လုံးလျှင် ကျပ်( ၃၀၀)၊ ဘဲဥ(၁၀)လုံးလျှင် ကျပ် (၃၀၀)ဖြင့် ဈေးအနည်းငယ် ကျဆင်းလျက်ရှိပါသည်။ ဝယ်ယူသည့်ခြံများမှ ဈေးနှုန်းအနည်းငယ် လျော့နည်းလာသည့်အတွက် မိမိတို့ပြန်လည်ရောင်းချသော ကြက်ဥ၊ ဘဲဥဈေးနှုန်းမှာလည်း ရောင်းဈေးနှုန်း ကျဆင်းလာခြင်း ဖြစ်ကြောင်း၊ အလုံးအရွယ်အစားအပေါ်မူတည်၍ ဈေးနှုန်းများလဲ ကွာခြားမှုရှိကြောင်း ကြက်ဥ၊ ဘဲဥ ရောင်းချသူ အရောင်းဆိုင်များမှ သိရှိရပါသည်။
(DOCA) ဧရာဝတီ