၂၀၂၅ ဧပြီလ၌ အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုတန်ဖိုး ၂၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့

Powered by Drupal

    ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၌ အိန္ဒိယ၏ ပဲမျိုးစုံတင်သွင်းမှုမှာ စံချိန်တင် မြင့်တက်ခဲ့သော်လည်း လက်ရှိ ဘဏ္ဍာရေးနှစ်တွင်မူ တင်သွင်းမှု နှေးကွေးကျဆင်းမည့် အရိပ်အခြေရှိကြောင်း Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

    ၂၀၂၅ ခုနှစ် ဧပြီလအတွင်း အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံတင်သွင်းမှု တန်ဖိုးစုစုပေါင်းသည် ဒေါ်လာ ၃၁၄.၄ သန်းရှိပြီး ယခင်နှစ် အလားတူကာလ၌ တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၄၁၁ သန်းနှင့် နှိုင်းယှဉ်ပါက ၂၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကနဦး ခန့်မှန်းချက်စာရင်းအရ သိရှိရသည်။

      ယခုနှစ် မုတ်သုံရာသီကာလ မိုးရွာသွန်းမှုမှာ ပုံမှန်အထက်အဆင့်၌ရှိမည်ဟု ခန့်မှန်းရပြီး ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ကောင်းမွန်နိုင်ခြေရှိခြင်း၊ ပဲမျိုးစုံဝယ်ယူရရှိနိုင်ရန် လွယ်ကူ မှုရှိခြင်း တို့ကြောင့်  ဘဏ္ဍာနှစ်၏ ရှေ့လာမည့်ကာလများတွင် ပဲတင်သွင်းမှုမှာ နှေးကွေးကျဆင်း ဖွယ်ရှိသည်ဟု လေ့လာဆန်းစစ်သူများက ခန့်မှန်းလျက်ရှိကြသည်။

    ယခုနှစ်ဧပြီလ၌ ကုလားပဲ၏ နေရာတွင် အစားထိုးသုံးစွဲနိုင်သော စားတော်ပဲဝါ တင်သွင်းမှု မှာ ယခင်နှစ်ကာလတူ၌ တင်သွင်းခဲ့မှု တန်ချိန် ၄.၀၂ သိန်းနှင့်နှိုင်းယှဉ်ပါက သိသာထင်ရှားစွာ လျော့ကျခဲ့ပြီး ၂၉၃၀၈ တန် သာရှိမည်ဟု ခန့်မှန်းရကြောင်း၊ အလားတူ ပဲနီလေး တင်သွင်းမှုသည် လည်း ၂၀၂၄ ခုနှစ် ဧပြီလ၌ တန်ချိန် ၆၄၅၈၃ တန်ရှိရာမှ ယခုနှစ်ကာလတူတွင် ၃၆၀၀၇ တန်သာ တင်သွင်းခဲ့ကြောင်း IGrain India ကုမ္ပဏီမှ လုပ်ငန်းရှင် Rahul Chauhan က ပြောဆိုခဲ့သည်။

    အိန္ဒိယအနေဖြင့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း စားတော်ပဲဝါ တန်ချိန် ၂၁.၄၅ သိန်းကျော်ကို တင်သွင်းခဲ့ရာ ယခင်ဘဏ္ဍာနှစ် တင်သွင်းမှု တန်ချိန် ၁၁.၆၉ သိန်း ထက် နှစ်ဆခန့် ပိုမိုခဲ့သည်။ အိန္ဒိယအစိုးရသည် ၂၀၂၄ ခုနှစ်အတွင်း ကုလားပဲစိုက်ပျိုးထုတ်လုပ်မှု နည်းပါးမည့် အခြေအနေ ကြောင့် ပဲရောင်းလိုအားကို မြှင့်တင်ရန်အတွက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစ၍ စားတော်ပဲဝါကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားခဲ့သည်။ ထိုသို့ အခွန်ကင်းလွတ်ခွင့်ပြုသည့် ကာလသည် ယခုနှစ် မေလ ၃၁ ရက်နေ့၌ ကုန်ဆုံးမည်ဖြစ်သည်။

     ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ပဲစင်းငုံနှင့် မတ်ပဲ တင်သွင်းမှုမှာမူ မြင့်တက်ခဲ့သည်။ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပဲစင်းငုံကို ၃၆၁၈၄ တန် ပိုမိုလျက် ၉၈၁၆၂ တန်အထိ တင်သွင်းခဲ့ပြီး မတ်ပဲကို ၃၃၇၇၇ တန် ပိုမိုလျက် ၈၉၂၁၂ တန်အထိ တင်သွင်းထားကြောင်း သိရသည်။ အဆိုပါ ပဲနှစ်မျိုးအား အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုသည့် ကာလမှာ ၂၀၂၆ ခုနှစ် မတ်လ၌ ကုန်ဆုံး မည်ဖြစ်သော်လည်း ပဲမျိုးစုံအားလုံးကို ခြုံငုံသုံးသပ်ပါက ယခုနှစ်တွင် တင်သွင်းမှု ကျဆင်းနိုင်မည် ဟု Mr. Chauhan က ပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၌ ပဲမျိုးစုံတန်ချိန် ၄၄.၀၃ သိန်း တင်သွင်းခဲ့ရာမှ ၅၂.၂ ရာခိုင်နှုန်း တိုးမြင့်လျက် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် တန်ချိန် ၆၇.၀၅ သိန်း အထိ တင်သွင်းခဲ့ ကြောင်း၊ တင်သွင်းမှု တန်ဖိုးအားဖြင့် ဒေါ်လာ ၃.၇၄ ဘီလီယံရှိရာမှ ဒေါ်လာ ၅.၄ ဘီလီယံအထိ မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စားတော်ပဲဝါအပြင် ဒေစီကုလားပဲ၊ ပဲစင်းငုံနှင့် မတ်ပဲတို့ကို တိုးမြှင့် တင်သွင်းခဲ့ပြီး ပဲနီလေးတင်သွင်းမှုမှာ ကျဆင်းခဲ့ကြောင်း သိရှိရသည်။

Source: The Hindu Business Line, May 18, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)