ယခုနှစ်၏ပထမ ၃ လပတ်ကာလတွင် ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှု ၃၀ ရာခိုင်နှုန်းကျဆင်း

Powered by Drupal

ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်၏ပထမ ၃ လပတ်ကာလတွင် ဆန်တန်ချိန် ၂.၁ သန်းတင်ပို့ ခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမ ၃ လပတ်ကာလနှင့်နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းကပြောကြားခဲ့ပါသည်။ အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဌ ဖြစ်သူ Chookiat Ophaswongse က ထိုကျဆင်းမှုသည် နိုင်ငံ များကဝယ်ယူမည့် ဆုံးဖြတ်ချက်များကိုနှောင့်နှေးခဲ့ခြင်းနှင့် အိန္ဒိယနိုင်ငံကဆန်တင်ပို့မှုပြန်လည် စတင်သောကြောင့်  ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ တစ်နှစ်တာကာလတင်ပို့မှုမှာ မူလခန့်မှန်း ထားသည့် တန်ချိန် ၇.၅ သန်းအောက်ကျဆင်းဖွယ်ရှိပြီး တင်ပို့သူများသည်လည်း အမေရိကန်က အကောက်ခွန် နှုန်းသစ်များကို ရက် ၉၀ ရပ်တန့်ထားခြင်းကြောင့် အမေရိကန်မှမှာယူမှုများပိုမိုရရှိ ရန် မျှော်လင့်လျှက်ရှိကြောင်း သိရပါသည်။ ယခုနှစ်၏ ဒုတိယ ၃ လပတ်ကာလသည်လည်း ပထမ ၃ လပတ်ကာလနှင့် တူညီနိုင်ကြောင်း Mr Chookiat ကပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံ အပေါ်ချမှတ်ခဲ့သည့် အကောက်ခွန်နှုန်း ၃၆ ရာခိုင်နှုန်းသည် အမေရိကန်သမ္မတထရမ့် အုပ်ချုပ်ရေးအဖွဲ့ကချမှတ်သည့် အမြင့်ဆုံးအကောက်ခွန်နှုန်းထားများထဲမှတစ်ခုဖြစ်ကြောင်း သိရ ပါသည်။ ဘဏ္ဍာရေးဝန်ကြီးဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် အကောက်ခွန်လျှော့ပါး သက်သာစေရန် အမေရိကန်တာဝန်ရှိသူများနှင့် ဝါရှင်တန်မြို့တော်တွင် တွေ့ဆုံဆွေးနွေးမည်ဟု သိရပါသည်။ ကမ္ဘာ့ဒုတိယအကြီးမားဆုံးဆန်တင်ပို့သူဖြစ်သည့် ထိုင်းနိုင်ငံသည် အကယ်၍ အကောက်ခွန် ၁၀ ရာခိုင်နှုန်းထက်ပိုမိုကောက်ခံခံရပါက ဒုတိယနေရာဂုဏ်ပုဒ်မှ လျှော့ကျနိုင် ဖွယ်ရှိကြောင်း သိရပါသည်။ လွန်ခဲ့သည်နှစ်တွင် ထိုင်းနိုင်ငံသည် ဘတ် ၂၂၅.၆၅ ဘီလီယံတန်ဖိုး ရှိသောဆန်တန်ချိန် ၉.၉၄ သန်းတင်ပို့ခဲ့ပြီး အမေရိကန်သည် တင်ပို့သည့်ပမာဏတွင် ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ခဲ့ကြောင်း သိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)