
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီသီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံး စိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများ အပြင် အခြားမြို့နယ်များဖြစ်သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသထွက် ကြက်သွန်နီ များလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်သို့ ဖေဖော်ဝါရီ လဆန်းပိုင်းမှစ၍ နွေပင်စိုက်များလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ မတ်လ အတွင်း တစ်ရက်လျှင် ကုန်ချိန်ပိဿာ(၅)သောင်းမှ(၇)သောင်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာ (၁၂)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(ပထမပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၉၀၀-၁၇၀၀-၁၅၀၀)၊ မတ်လ(ဒုတိယ)ပတ်တွင် ကျပ်(၁၇၀၀-၁၆၅၀-၁၃၀၀)၊ မတ်လ (တတိယပတ်)တွင် ကျပ်(၁၆၅၀-၁၄၀၀-၁၂၀၀)၊ မတ်လ(စတုတ္ထပတ်)တွင် ကျပ်(၁၄၅၀-၁၃၀၀-၁၂၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဖေဖော်ဝါရီလနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်လ အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ကုန်ချိန် ဝင်ရောက်မှုများခြင်းနှင့် ပြည်ပနိုင်ငံများမှ ဝယ်ယူမှုနည်း၍ ဈေးနှုန်း ကျဆင်းကြောင်း သိရှိရသည်။
ကုန်စည်စီးဆင်းမှုအနေဖြင့် မတ်လအတွင်း ကုန်ချိန်ပိဿာ (၁၂)သိန်းခန့် တန်ချိန်အားဖြင့် (၁၉၅၉)တန်ခန့် စီးဆင်းခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံး တင်ပို့ပြီး မြဝတီ၊ မော်လမြိုင်မြို့ ဝယ်လက်များမှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း ဈေးကွက်မှ သိရှိရသည်။
DOCA(မကွေး)