
မန်ကျည်းပင်သည်နွေရာသီဆိုလျှင် အေးမြသည့်အရိပ်ကိုပေးနိုင်ပါသည်။ နွေနေပူမှာ မန်ကျည်းရိပ်အေးအေးလေးတွင်ထိုင်ပြီး အကြမ်းရည်သောက်၍ အညာဓလေ့အတိုင်း ထန်းလျက် လေးစားပြီး စကားပြောကြသည်မှာ အညာဒေသ၏ချစ်စရာဓလေ့တစ်ခုဖြစ်ပါသည်။ မန်ကျည်းပင် သည် အရွက်၊ အသီး၊ အခေါက်၊ အစေ့၊ တစ်ပင်လုံးနီးပါး အသုံးဝင်ပါသည်။ ယခုအခါ နွေရာသီသို့ ရောက်ရှိလာသည့်အတွက် ရာသီစာတစ်ခုအနေဖြင့် မန်ကျည်းရွက်နုနုကို ကြက်သွန်စိမ်း၊ ပုဇွန် ခြောက်၊ မြေပဲမှုန့်၊ ဆီစိမ်း၊ အချို၊ အငန် အရသာထည့်ပြီး သုပ်စားကြသလို ချဉ်ရည်ဟင်း ချက်စားကြသည်များလည်း ရှိပါသည်။ မန်ကျည်းရွက်တွင် ဗီတာမင်အေ၊ ဗီတာမင်စီ၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်စသည့် အာဟာရဓာတ်များစွာ ပါဝင်ပါသည်။ ယခုအခါ မန်ကျည်းရွက်များစတင်ပေါ်ထွက်လာပြီဖြစ်ရာ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် မန်ကျည်းရွက် နုနုများကို (၅)ကျပ်သားလျှင်(၁၀၀၀)ကျပ်နှုန်း၊(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှုန်းဖြင့်အရောင်း အဝယ်ဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)