စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

ထိုင်းက ဗီယက်နမ်နှင့်ပူးပေါင်း၍ကမ္ဘာ့ဆန်ဈေးထိန်းသိမ်းနိုင်မလား

          ထိုင်းအစိုးရက ဗီယက်နမ်နှင့်ပူးပေါင်း၍ ပြည်ပပို့ကုန်ဆန်ဈေးနှုန်းများမြှင့်တင်လိုကြောင်း ပြောကြားခဲ့မှုအား ထိုင်းနိုင်ငံမှဆန်ပို့ကုန်လုပ်ငန်းရှင်များက မဖြစ်နိုင်ဟု ပြောကြားခဲ့ကြောင်း၊ကမ္ဘာ့ ဆန် တင်ပို့မှုတွင် ထိုင်းနိုင်ငံက ဒုတိယအများဆုံး၊ ဗီယက်နမ်က တတိယအများဆုံးဖြစ်သဖြင့် ထိုင်း အစိုးရက ဗီယက်နမ်နှင့်ပူးပေါင်း၍ ကမ္ဘာ့ဆန်ဈေးကွက်၌ အသာစီးရယူကာ ဆန်ဈေးနှုန်းများကို ထိန်းကျောင်းရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်ဈေးနှုန်းများ မြှင့်တင်လိုသည့်အကြောင်းရင်းမှာ  လယ်သမားများ စပါးစိုက်ပျိုးရာ၌ ဓါတ်မြေဩဇာအပါအဝင်  ကုန်ကျစရိတ်များ သိသာစွာ မြင့်တက် လာနေသောကြောင့် လယ်သမားများ ဝင်ငွေပိုရအောင် စပါးဈေးနှုန်းများကို မြှင့်တင်ပေးရန်ဖြစ်ကြောင်း၊ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ထိုင်းအစိုးရအနေဖြင့် အသင်းနှင့်ဆွေးနွေး တိုင်ပင်ခြင်းမရှိသေးဟုလည်းကောင်း၊ ထိုင်းနှင့်ဗီယက်နမ်တို့က အများဆုံးတင်ပို့နေသည့်နိုင်ငံများ မဟုတ်ဘဲ နှစ်နိုင်ငံစုစုပေါင်းတင်ပို့မှုက အိန္ဒိယနိုင်ငံတင်ပို့နေခြင်းထက် နည်းပါးသဖြင့်  ဈေးတက် လိုက်ပါကဝယ်လက်များက ပြိုင်ဖက်အိန္ဒိယနိုင်ငံဘက်သို့ ရောက်သွားကြလိမ့်မည်ဟုလည်းကောင်း၊ ဆန်ကိုဈေးအတက်စောင့်ရန်ကြာရှည်စွာ သိုလှောင်ထား၍မရဟုလည်းကောင်းပြောကြားခဲ့ကြောင်း၊

          ဗီယက်နမ် စားသောက်ကုန်အသင်းဥက္ကဋ္ဌကလည်း ကမ္ဘာ့စားနပ်ရိက္ခာ မရေမရာဖြစ်နေချိန်တွင်  ဈေးတင်ခြင်းမှာ မသင့်တော်ဟုပြောကြားခဲ့ကြောင်း၊ ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယနိုင်ငံက ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀%ကိုတင်ပို့လျှက်ရှိရာ ၎င်းဆန်ဈေးနှုန်းမှာပြီးခဲ့သည့်အပတ်၌ ၅ နှစ် တာကာလ အတွင်းအနိမ့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း၊အိန္ဒိယနိုင်ငံသုံးငွေနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်မှုနှုန်း အားပျော့နေသဖြင့် အိန္ဒိယတွင် ဆန်များအလျှံအပယ်ဖြစ်နေရာ အိန္ဒိယဆန် ၅% ဆန်ကွဲပါ ဆန်ဖြူ ၁ တန်ဈေးနှုန်းသည် ဗီယက်နမ်ဆန်ထက် အနည်းဆုံး အမေရိကန်‌ဒေါ်လာ ၅၀ ၊  ထိုင်းဆန်ထက် အမေရိကန်‌ဒေါ်လာ ၁၀၀ သက်သာနေပြီး အိန္ဒိယပါဝင်မှုမရှိဘဲ ဈေးနှုန်းကိုကိုင်တွယ်ပါက အလုပ် မဖြစ်ဟု ထိုင်းဆန်ကုန်သည်များက ပြောကြားခဲ့ကြောင်း၊ အိန္ဒိယဆန်က ဈေးနှုန်း ပိုမို သက်သာနေ သဖြင့် အခြားနိုင်ငံများကဈေးတင်ပါက အိန္ဒိယဘက်သို့ ဆန်ဝယ်လက်များ ရောက်ရှိသွားနိုင်ပြီး ဗီယက်နမ်နှင့်ထိုင်းတို့က ဈေးကွက်ဝေစုနည်းနေ၍ ဈေးကွက်ဝေစုရလာရေး ဆန်ဈေးနှုန်းများ နှိမ့်ချရန်လိုအပ်သည်ဟု မွန်ဘိုင်းအခြေစိုက် ကမ္ဘာ့ကုန်သွယ်ရေးလုပ်ငန်းတစ်ခုမှ ကုန်သည်က ပြောကြားခဲ့ကြောင်း၊ ဟိုချီမင်းစီးတီးမှ ဆန်ကုန်သည်တစ်ဉီးက  အိန္ဒိယက ဆန်တင်ပို့မှု ကန့်သတ်လိုက် ပါက ထိုင်းနှင့်ဗီယက်နမ်တို့ ပူးပေါင်းလုပ်ဆောင်မှုမပါလည်း ဆန်ဈေးနှုန်းများ မြင့်တက်သွားမည်ဖြစ်ကြောင်း၊အမေရိကန်စိုက်ပျိုးရေးဌာနအဆိုအရ ဗီယက်နမ်နှင့်ထိုင်းတို့၏ ကမ္ဘာ့ဆန်တင်ပို့မှုဝေစုမှာ ၂၆% ခန့်သာရှိပြီး ၎င်းနှစ်နိုင်ငံက ဈေးတက်လိုက်ပါက ဖိလစ်ပိုင်နိုင်ငံက အကြီးအကျယ်ထိခိုက် မည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

အင်ဒိုနီးရှားစားအုန်းဆီ ပြည်ပပို့ကုန်ခွဲတမ်း တန်ချိန် ၂၇၀၀၀၀ ကျော် ပါမစ်ချပေး

          အင်ဒိုနီးရှား စားအုန်းဆီ ပြည်ပတင်ပို့ရန် ချထားပေးသည့်ခွဲတမ်းအနေဖြင့် ၂၀၂၂ ခုနှစ်၊ မေလ(၃)ရက်နေ့ထိ တန်ချိန် (၂၇၅၄၅၄) အား ပို့ကုန်ပါမစ်ထုတ်ပေးထားသည်ဟု ကုန်သွယ်ရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိက ပြောကြားခဲ့ကြောင်း၊ မေလကုန်ပိုင်းတွင် စားအုန်းဆီတင်ပို့ရန် ပြန်လည်ခွင့်ပြုခဲ့ချိန်မှ  သောကြာနေ့အထိ ပို့ကုန်ပါမစ်ထုတ်ပေးထားသည့်ပမာဏဖြစ်ကြောင်း၊ ကုမ္ပဏီ ၂၁ ခု ကို ပါမစ်ချထားပေးခဲ့ပြီး  အများစုက ဆီသန့် refined, bleached and  deodorized (RBD)palm oil olein တို့ဖြစ်ကြောင်း၊ အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ အမျိုးမျိုးတင်ပို့မှုကို ဧပြီ လ(၂၈)ရက်နေ့တွင် စတင်ပိတ်ပင်ခဲ့ပြီး မေလ(၂၃)ရက်တွင်ဖွင့်ပေးခဲ့ကြောင်း‌ ၊ စားအုန်းဆီအမျိုးမျိုး ထုတ်လုပ်သည့် ကုမ္ပဏီများက ပြည်တွင်းဈေးကွက်၌ ရောင်းချမှုပမာဏအနည်းအများအရ  ပို့ကုန် ခွဲတမ်းချပေးသည့်စနစ်ကို ပြောင်းလဲကျင့်သုံးကြောင်း‌၊စားအုန်းဆီတန်ချိန်  ၁ သန်းကို ခွဲတမ်းချပေးနေခြင်းဖြစ်ကြောင်း‌၊ အင်ဒိုနီးရှားနိုင်ငံက ယခင်ကပုံမှန်အားဖြင့် စားအုန်းဆီအမျိုးမျိုးကို  တစ်လလျှင် တန်ချိန် ၂.၅ သန်းတင်ပို့‌ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)

အင်ဒိုနီးရှား စားအုန်းဆီပို့ကုန်ပါမစ် မကြန့်ကြာအောင် အရှိန်တင်ဆောင်ရွက်မည်

          အင်ဒိုနီးရှားသည် စားအုန်းဆီပြည်ပတင်ပို့မှု ပြန်လည်စတင်ချိန်မှစ၍တန်ချိန် ၃၀၂၀၀၀ ခန့် တင်ပို့ခွင့်ပြုထားသည်ဟု ဝါရင့်ဝန်ကြီးက ဇွန်လ(၅)ရက်နေ့တွင်ပြောကြားခဲ့ကြောင်း၊ ပါမစ်လုပ်ငန်းစဉ်ကို အာဏာပိုင်တို့က အရှိန်တင်လုပ်ဆောင်မည်ဟုလည်း ဆီအုန်းစိုက်ပျိုးသည့်သူများနှင့်ပို့ကုန် လုပ်ငန်းရှင်များကို အဆိုပါဝန်ကြီးကအာမခံခဲ့ကြောင်း၊ ကမ္ဘာ့စားအုန်းဆီအများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံက ဧပြီ ၂၈ ရက်တွင်  စားအုန်းဆီတင်ပို့မှုပိတ်ပင်ခြင်းဖြင့် ပြည်တွင်း ဟင်းချက်စား အုန်းဆီဈေးနှုန်းများကျဆင်းလာရန်ကြိုးပမ်းခဲ့ပြီး မေလ၂၃ ရက်တွင် အစိုးရက စားအုန်းဆီတင်ပို့မှုကို  ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ပြည်တွင်းဖူလုံမှုသေချာစေရန် အရံအတားပြုပေးသည့်မူဝါဒများကျင့် သုံးခဲ့ကြောင်း၊ပြည်တွင်းဈေးကွက်တာဝန်(DMO)ပြဌာန်းချက်အရ သတ်မှတ်ထားသည့် အချိုးအစား ကို ပြည်တွင်းဈေးကွက်၌ မဖြစ်မနေရောင်းပေးရန်လိုအပ်ကြောင်း၊ မူဝါဒအပြောင်းအလဲကြောင့် ဌာနဆိုင်ရာစာရွက်စာတမ်းကိုင်တွယ်မှုများနှေးကွေးပြီး ပို့ကုန်ပါမစ်ကျရန် ကြန့်ကြာနေသည်ဟု စားအုန်းဆီလုပ်ငန်းစုများနှင့် ကုန်သည်များကပြောကြားကြကြောင်း၊ အင်ဒိုနီးရှား စားအုန်းဆီ မရ သဖြင့် ကမ္ဘာ့ဈေးကွက်၌ စားအုန်းဆီဈေးတက်လာပြီး မလေးရှားထုတ်လုပ်မှုက အင်ဒိုနီးရှား စားအုန်းဆီကို အပြည့်အဝ အစားထိုးထုတ်လုပ်ရောင်းချပေးနိုင်ခြင်းမရှိကြောင်း၊ အင်ဒိုနီးရှား စားအုန်းဆီအသင်းမှ တာဝန်ခံက ပြည်ပသို့တင်ပို့ခြင်းမပြုသဖြင့် စားအုန်းဆီ ဆီစက်များက လယ် သမားများထံမှ ဆီအုန်းများ ဝယ်ယူခြင်းရပ်ထားသည်ဟု ဇွန်လ ၃ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း၊ အင်ဒိုနီးရှားသည် ပုံမှန်အားဖြင့် တစ်လလျှင် စားအုန်းဆီတန်ချိန် ၂.၅ သန်းခန့်တင်ပို့နေပြီး အစိုးရသည် စားအုန်းဆီ ကုမ္ပဏီများကို DMO ပြဌာန်းချက်အရ တစ်လလျှင်  ဟင်းချက်ဆီတန်ချိန် ၃၀၀၀၀ ရောင်းချစေမည် ဟုပြောကြားခဲ့ကြောင်း ၊ အင်ဒိုနီးရှား စီးပွားရေးဝန်ကြီးဌာန အရာရှိက အစိုးရသည် ပို့ကုန်ခွန်စည်းကျပ်မှုနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲမှုများပြုလုပ်ထားပြီး မကြာမီ ထုတ်ပြန်တော့မည်ဟု ပြောကြားခဲ့ကြောင်း၊အင်ဒိုနီးရှားသည် လက်ရှိတွင် စားအုန်းဆီကြမ်းတင်ပို့မှုအတွက်  တစ်တန်လျှင် အမြင့်ဆုံးအခွန် ၃၇၅ ဒေါ်လာ စည်းကြပ်ထားရာ ယခင်က အမြင့်ဆုံး ပို့ကုန်ခွန် တစ်တန်လျှင် ဒေါ်လာ ၂၀၀ ထက်မကျော်စေရဟု သတ်မှတ်ပြဌာန်းထားသည်ထက် ‌ကျော်လွန်နေကြောင်း‌၊ ပြည်တွင်းရောင်းချမှုကို အားပေးရန်ပြည်ပသို့တင်ပို့ရန်အတွက် အများဆုံး အခွန်သတ်မှတ်ချက်ကို တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-Myanmar Food Guide မှရရှိသည့်သတင်း)