
အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာနှင့် သက်ဆိုင်သည့် ကိစ္စရပ်ဖြစ်ကြောင်း သမ္မတ Prabowo Subianto က ပြောကြားခဲ့ပြီး နိုင်ငံတကာစီးပွားရေးအသိုက်အဝန်းအား အာမခံချက်ပေးခဲ့ကြောင်း သိရသည်။
North Maluku ပြည်နယ်၊ Central Halmahera ခရိုင်ရှိ Indonesia Weda Bay Industrial Park (IWIP) ၌ အောက်တိုဘာလ ၈ ရက်နေ့ကကျင်းပသည့် အခမ်းအနားတွင် သမ္မတက ရင်းနှီးမြှုပ်နှံသူများနှင့် ခိုင်မာသည့် မိတ်ဖက်ဆက်ဆံရေးများ ထိန်းသိမ်းထားခြင်းသည် နိုင်ငံ၏ ရေရှည်သာယာဝပြောရေးအတွက် မရှိမဖြစ်လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသည့် မည်သည့်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကိုမဆို အစိုးရအနေဖြင့် လေးစားလိုက်နာပြီး ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း သမ္မတက ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို သမ္မတရုံးအတွင်းဝန်ရုံးက ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံအပေါ် ယုံကြည်မှုထားရှိသည့် စီးပွားရေးမိတ်ဖက်များနှင့် ချုပ်ဆိုထားသော ကတိကဝတ်များကို လေးစားလိုက်နာခြင်းသည် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ဂုဏ်ယူဝင့်ကြွားမှုကို ဖော်ပြခြင်းဖြစ်ကြောင်း Prabowo Subianto က ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းပါဝင်နေသည့် ရင်းနှီးမြှုပ်နှံသူများကို ညီအစ်ကိုများသဖွယ် သဘောထားကြောင်း၊ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်မှုကို ကာကွယ်စောင့်ရှောက်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် သက်ဆိုင်ကြောင်း သမ္မတက အလေးထားပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါပြောကြားချက်သည် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ တန်ဖိုးမြှင့်ထုတ်လုပ်ရေး စီမံကိန်းကြီးတစ်ရပ် စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းအခမ်းအနား၌ အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းထုတ်လုပ်သည့် လျှပ်စစ်မော်တော်ယာဉ် (EV) ဘက်ထရီများကို ပထမဆုံးအကြိမ် ပြည်ပတင်ပို့ခြင်း၊ စက်မှုလုပ်ငန်းစီမံကိန်း လေးခုကို စီးပွားဖြစ် စတင်လည်ပတ်ခြင်းနှင့် IWIP စက်မှုဇုန်အတွင်း စက်ရုံအသစ် ခုနစ်ရုံ တည်ဆောက်ရေး လုပ်ငန်းများ စတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာများအရ IWIP စက်မှုဇုန်အတွင်း အမှန်တကယ်ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ခန့်ရှိပြီး အနာဂတ်တွင် ဒေါ်လာ ခုနစ်ဘီလီယံ ထပ်မံရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်း သမ္မတက ပြောကြားခဲ့ကြောင်း သိရသည်။
Central Halmahera ရှိ အဆိုပါစက်မှုဇုန်ကို တိုးချဲ့ဖွံ့ဖြိုးခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာခဲ့ပြီး လက်ရှိတွင် အလုပ်သမား ၁၀၀,၀၀၀ ကျော်ကို အလုပ်အကိုင် ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရသည်။
ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာခြင်းကို ကြိုဆိုကြောင်း သမ္မတက ပြောကြားခဲ့ပြီး ယင်းမိတ်ဖက်ဆက်ဆံရေးများမှတစ်ဆင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေရန်နှင့် မိတ်ဖက်နိုင်ငံများနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် မျှော်လင့်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံသူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ နှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာလာပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးများ ပိုမိုရရှိလာစေရန် မျှော်လင့်ကြောင်း Prabowo Subianto က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
