စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

 

သုညရာခိုင်နှုန်းဖြင့်မေလမှဇူလိုင်လအထိပြောင်းတင်သွင်းခွင့်ပေး

          ယူကရိန်းနှင့်ရုရှားပဋိပက္ခကြောင့် တိရစ္ဆာန်အစားအစာတွင် ပါဝင်သောပစ္စည်းများပြတ်လပ်မှုကို လျော့ပါးသက်သာစေရန်အတွက် အစိုးရအဖွဲ့သည် မေလမှ ဇူလိုင်လအထိ ပြောင်းတန်ချိန်(၆)သိန်းကို အခွန်(၀%)ဖြင့်တင်သွင်းခွင့်ပြုရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုပြုချက်အား ၃-၅-၂၀၂၂ ရက်နေ့တွင် အတည်ပြုပေးခဲ့ကြောင်း၊ အစိုးရ၏ပြောရေးဆိုခွင့်ရှိသူက အဆိုပါပြောင်းများ တင်သွင်းမှုကို Public Warehouse Organization(PWO)နှင့် အထွေထွေကုန်ပစ္စည်းတင်သွင်းသူများ (General  Importers)မှ ကိုင်တွယ်ဆောင်ရွက်လိမ့်မည်ဟုပြောကြားခဲ့ကြောင်း၊ ယခင်သတ်မှတ်ချက်များအရ PWO အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ၏ Quota အရ တစ်နှစ်လျှင် ပြောင်းတန်ချိန် (၅၄၇၀၀၀)အား  အခွန်(၂၀ %)ဖြင့် တင်သွင်းခွင့်ပြုခဲ့ကြောင်း၊ ဂျုံနှင့်ပြောင်းကဲ့သို့ တိရစ္ဆာန်အစာ ရောစပ်ရာတွင် အသုံးပြုသည့်သီးနှံများသည် လပေါင်းများစွာ ပြတ်လပ်နေသည့်အတွက်  အဆိုပါဂျုံနှင့် ပြောင်းတို့အား အစိုးရအနေဖြင့် ပြည်တွင်းလယ်သမားများအား အကာအကွယ်ပေးရန် ဆောင်ရွက်ခဲ့သော အတားအဆီးများကို ဖယ်ရှားပေးရန် တိရစ္ဆာန်အစာထုတ်လုပ်သူများက အစိုးရကို တိုက်တွန်းတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း၊ အစိုးရအဖွဲ့သည် ဂျုံတင်သွင်းမှုအပေါ် ယာယီရပ်ဆိုင်းရန် အဆိုပြုချက်ကိုအတည်ပြုပေးခဲ့ကြောင်း၊ ဂျုံတင်သွင်းသူများအနေဖြင့် ပြည်တွင်းထွက်ပြောင်းကို (၁:၃)ဖြင့် မေလမှဇူလိုင်လအထိ (၃)လကြာဝယ်ယူရန်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့သည် ပြည်တွင်းထွက်ပြောင်းနှင့် ပီလောပီနံဈေးတက်စေရန်ရည်ရွယ်ချက်ဖြင့် ဂျုံတင်သွင်းမှုကို ၂၀၁၆ ခုနှစ်တွင်ကန့်သတ်ခဲ့ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ဆန်စပါးနှင့်ပြောင်း အာမခံအစီအစဉ်အတွက် အထောက်အပံ့ပေးရန် ဘတ်ငွေ (၂.၁၄)ဘီလီယံအားအတည်ပြုပေးခဲ့ရာ အဆိုပါအနက် (၁.၉၂)ဘီလီယံမှာ ဆန်စပါးအာမခံ အစီအစဉ်အတွက်ဖြစ်ပြီး ကျန်ငွေမှာ ၂၂၄ သန်းမှာ ပြောင်းအာမခံအစီအစဉ်အတွက်ဖြစ်ကြောင်း၊ ဆန်စပါး အာမခံအစီအစဉ်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေ(၂၈.၅)သန်းရိုင်အားလွှမ်းခြုံနိုင်မည်ဖြစ်ရာ ၂၈ သန်းရိုင်မှာ အစိုးရပိုင် လယ်ယာစိုက်ပျိုးရေးနှင့်သမဝါယမဘဏ်၏ဖောက်သည် လယ်သမားများ ပိုင်ဆိုင်သည့် မြေများဖြစ်ပြီး ကျန်မြေ ၅ သောင်းရိုင်မှာ အခြားသော လယ်သမားများပိုင်ဆိုင်သည့် မြေများဖြစ်ကြောင်း၊ ပြောင်းအာမခံအစီအစဉ်အနေဖြင့် မြေ ၂.၀၆ သန်းရိုင်အပေါ် လွှမ်းခြုံနိုင်မည်ဖြစ် ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

စက်မှုလုပ်ငန်းများ၏ယှဉ်ပြိုင်နိုင်စွမ်းအားနည်းချက်များရှိလာခြင်း

          ဘယ်လ်ဂျီယံနိုင်ငံ ရှိ စက်မှုလုပ်ငန်းကုမ္ပဏီကြီးများသည် အိမ်နီးချင်းနိုင်ငံများရှိ စက်မှုလုပ်ငန်း များထက်  စွမ်းအင်သုံးစွဲခများ ၃ ပုံ ၁ ပုံခန့် ပိုမိုပေးဆောင်နေရပြီး  ယှဉ်ပြိုင်နိုင်စွမ်း အားနည်းချက်(Competitive  disadvantage) များရှိလာကြောင်း၊ နိုင်ငံ၏ ဖက်ဒရယ်အစိုးရက ဘယ်လ်ဂျီယံကုမ္ပဏီများ၏ စွမ်းအင်ကုန်ကျစရိတ်များအား အိမ်နီးချင်းနိုင်ငံများနှင့် တန်းတူဖြစ်စေရေးအတွက် စွမ်းအင်ဆိုင်ရာ စံချိန်စံညွှန်းများ သတ်မှတ်ထားစေကာမူ ကုမ္ပဏီများအနေဖြင့် စွမ်းအင်သုံးစွဲခ ကုန်ကျစရိတ်များအတွက် ဆက်လက်ရုန်းကန်နေကြရသည်ဟု ဘယ်လ်ဂျီယံ စက်မှုလုပ်ငန်းဆိုင်ရာစွမ်းအင်သုံးစွဲသူများအသင်းချုပ် က ပြောကြားခဲ့ကြောင်း၊ အီးယူ၏ စက်မှုလုပ်ငန်းကဏ္ဍတစ်ခုလုံးအနေဖြင့် အခြားကမ္ဘာ့ဒေသများနှင့်ယှဉ်လျှင် ယှဉ်ပြိုင်နိုင်စွမ်းအားနည်းချက်များရှိနေခြင်းကြောင့် ဆယ်စုနှစ်များတွင် အကျပ် အတည်းဆီသို့ ဉီးတည်စေနိုင်ကြောင်း၊          ဘယ်လ်ဂျီယံနိုင်ငံ၏စက်မှုလုပ်ငန်းများသည် အနောက်ဥရောပ အလယ်ပိုင်းနိုင်ငံများတွင်‌ ပေးဆောင်ရသည့်  ပျမ်းမျှလျှပ်စစ်ဓါတ်အားခနှင့်နှိုင်းယှဉ်ချက်အရ ၁၉%  မှ   ၂၅ % အကြားယှဉ်ပြိုင်နိုင်စွမ်းအားနည်းချက်ရှိစေကြောင်း၊နှိုင်းယှဉ်ချက်အရ ၂၀၂၂ ခုနှစ်အတွက် ဘယ်လ်ဂျီယံနိုင်ငံ၏ စွမ်းအင်ဈေးနှုန်းသည် နယ်သာလန်နိုင်ငံနှင့်တန်းတူပင်ဖြစ်သော်လည်း  ပြင်သစ်နိုင်ငံထက် ၂၃၁ % ၊ ဂျာမနီနိုင်ငံထက် ၃ % ပို၍မြင့်မားသည်ဟုဆိုကြောင်း၊ ဘယ်လ်ဂျီယံ၏ စက်မှုလုပ်ငန်းကုမ္ပဏီများအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း အားနည်းချက်ဖြစ်ပေါ်နေသည့်အပြင် မြောက်/တောင်အမေရိက၊ အာဖရိက၊ ဩစတြေးလျ စသည့် ကမ္ဘာ့အခြားဒေသများရှိ စွမ်းအင် သုံးစွဲခ သိသာစွာလျော့နည်းသောစက်မှုလုပ်ငန်းနှင့်လည်း ယှဉ်ပြိုင်နေကြရကြောင်းနှင့် အခွန်နှင့် ဓါတ်အားလိုင်းချိတ်ဆက်ပို့လွှတ်ခ ကုန်ကျစရိတ်များ လျှော့ချပေးခြင်းအပါအဝင် အီးယူ၏ စက်မှုလုပ်ငန်းကဏ္ဍယှဉ်ပြိုင်နိုင်စွမ်း ပြန်လည်တိုးတက်စေရေးအတွက် လိုအပ်သောအစီအမံများကို ဆောလျင်စွာဆောင်ရွက်‌‌ပေးရန် ဘယ်လ်ဂျီယံ၏စက်မှုလုပ်ငန်းကဏ္ဍအနေဖြင့် ဥရောပအဆင့်အာဏာပိုင် အဖွဲ့များ၊ ဖက်ဒရယ်အဆင့်နှင့်ဒေသအဆင့်အာဏာပိုင်များထံ တောင်းဆိုထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)