တိကျစွာတိုင်းတာမှု အက်ဥပဒေပါ ရာဇဝတ်ကြောင်းအရ အရေးယူရန် ပြဌာန်းချက်များအား အိန္ဒိယအစိုးရက ဖြေလျော့မည်

Powered by Drupal

၁။      အိန္ဒိယနိုင်ငံ၌ မလိုလားအပ်သော စွက်ဖက်အရေးယူမှုများကို ဖယ်ရှားခြင်းဖြင့် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်မှုများ လွယ်ကူမှုရှိစေရန်အတွက် ၂၀၀၉ ခုနှစ်တွင်ပြဌာန်းခဲ့သော တိကျစွာ တိုင်းတာမှု အက်ဥပဒေပါ ရာဇဝတ်ကြောင်းအရ အရေးယူရန် ပြဌာန်းချက်များအား ဖြေလျော့ နိုင်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို အိန္ဒိယစားသုံးသူရေးရာဦးစီးဌာနက ၉-၅-၂၀၂၂ နေ့တွင် စီစဉ်ကျင်းပရာ တိကျစွာတိုင်းတာမှု လုပ်ငန်းနယ်ပယ်မှ တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရ ပါသည်။

၂။       အဆိုပါ ဆွေးနွေးပွဲ၌ ရာဇဝတ်ကြောင်းအရ အရေးယူရမည့် ဥပဒေပြဌာန်းချက်များအား ဖြေလျော့မှုပြုရာ၌ သဘောတရားထက် လက်တွေ့ကျစွာ ချဉ်းကပ်လုပ်ဆောင်ရန်လိုကြောင်း၊ စားသုံးသူများ၏ အကျိုးစီးပွားနှင့် စီးပွားရေးလုပ်ငန်းများအတွက် လွန်ကဲသည့်အခက်အခဲများ မဖြစ်ပေါ်စေရေး ဥပဒေပြဌာန်းချက်များအား ရှင်းလင်းလွယ်ကူအောင် ဆောင်ရွက်မှုတို့အကြား ညီညွှတ်မျှတမှုရှိမည့် အစပြုလုပ်ဆောင်မှုများကို ကူညီပံ့ပိုးပေးရန် ပြည်နယ်များသို့ တိုက်တွန်း လိုကြောင်း၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းငယ်များအတွက် အလေးပေးဆောင်ရွက်ရန် ဖြစ် ကြောင်း၊ စားသုံးသူများ အနေဖြင့် မတရားမှုနှင့် တွေ့ကြုံရခြင်း မရှိစေရန်မှာ အစိုးရဌာနများ၏ တာဝန်ဖြစ်သကဲ့သို့ တစ်ချိန်တည်းမှာပင် လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ အေးချမ်းစွာ လုပ်ကိုင်နိုင်စေရန်အတွက် တာဝန်ရှိသည်ကိုလည်း နားလည်ထားရမည်ဖြစ်ကြောင်း၊ အဓိက အားဖြင့် မရိုးဖြောင့်သော သဘောဖြင့် လုပ်ကိုင်မှုနှင့် ရိုးသားဖြောင့်မတ်စွာ လုပ်ဆောင်မှုတို့ကို ခွဲခြားနိုင်ရေး ဦးတည်ချက်ထားရှိရန်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် အလေးချိန်နှင့် အချင်အတွယ် တိုင်းတာသည့် ကိရိယာများ စံကိုက်ညှိခြင်း (calibration) ကို မမှန်မကန်ပြုလုပ်ထားပါက တင်းကြပ်စွာ အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် အိန္ဒိယ ကူးသန်းရောင်းဝယ် ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီး ဌာနတို့၏ ပြည်ထောင်စုဝန်ကြီး Mr. Piyush Goyal က အမှာစကားပြောကြားခဲ့ပါသည်။

၃။      ဝန်ကြီး Mr. Piyush Goyal ၏ ပြောဆိုမှုအရ တိကျစွာတိုင်းတာမှု ဥပဒေပါ ပြဌာန်းချက် အချို့အပေါ် ပထမအကြိမ် ဖောက်ဖျက်ကျူးလွန်မှုများ၏ ၉၇% ခန့်ကို ပြည်နယ်အစိုးရများက စာရင်းရေးသွင်း ဖော်ပြမှုရှိသော်လည်း တူညီသည့် ဥပဒေပုဒ်မအား ဒုတိယအကြိမ် ကျူးလွန်မှုကို ဖော်ပြအရေးယူဆောင်ရွက်မှုမှာ နည်းပါးကြောင်း သိရှိရသည်။ သို့ဖြစ်ရာ ထိုကဲ့သို့ ဒုတိယ အကြိမ် ပြစ်မှုကျူးလွန်ခြင်းများ မရှိကြောင်း အစီရင်ခံတင်ပြမှုများနှင့်ပတ်သက်၍ ပြည်နယ်များ ၌ မည်သို့ဆောင်ရွက်ထားသည်မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်းနှင့် ပြည်နယ်အစိုးရများ အနေဖြင့် ရာဇဝတ်ကြောင်းအရ အရေးယူရန် ပြဌာန်းချက်များအား ဖြေလျော့ခြင်းအား ဆန့်ကျင် ကန့်ကွက်သည့်သဘောရှိသည်ကို ကိန်းဂဏန်းအချက်အလက်များက ဖော်ပြလျက်ရှိကြောင်း ဖြင့် ၎င်းက ပြောကြားပါသည်။

၄။      အိန္ဒိယ စားသုံးသူရေးရာဦးစီးဌာန၏ စာရင်းများအရ ၂၀၁၈-၁၉ ခုနှစ်အတွင်း ပြည်နယ်/ ပြည်ထောင်စုနယ်မြေများ၌ ပထမအကြိမ် ပြစ်မှုကျူးလွန်သည်ဟု စာရင်းရေးသွင်းထားသည့် အမှုပေါင်း ၁၁၃၇၄၅ ခုရှိပြီး ၎င်းအနက် အမှုပေါင်း ၉၇၆၉၀ မှာ ညှိနှိုင်းကျေအေးခဲ့ကြောင်း၊ အဆိုပါနှစ်အတွင်း တူညီသည့် ဥပဒေပုဒ်မအား ဒုတိယအကြိမ် ဖောက်ဖျက်ကျူးလွန်သည့် အမှု ပေါင်း ၁၂ ကိုသာ မှတ်တမ်းတင်ခဲ့ပြီး ၎င်းတို့အနက် အမှု ၄ ခုကိုသာ တရားရုံး၌ အမှုဖွင့်လှစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ၂၀၂၁-၂၂ ခုနှစ်တွင် ပထမအကြိမ် ပြစ်မှုကျူးလွန်မှု ၇၄၇၂၁ ခုကို မှတ်တမ်းတင်ထားရှိပြီး ၎င်းအနက် အမှု ၅၅၇၇၉ မှုကို ညှိနှိုင်းကျေအေးခဲ့ကြောင်း၊ ဒုတိယ အကြိမ် ပြစ်မှုကျူးလွန်မှုမှာ ၁၁ မှုရှိပြီး ၎င်းအနက် အမှု ၇ ခုကို တရားရုံးတင် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

၅။      အိန္ဒိယအစိုးရသည် စီးပွားရေးလုပ်ငန်းများအပေါ် ဝန်ထုပ်ဝန်ပိုးလျော့ချရေး၊ ရင်းနှီးမြှုပ်နှံ သူများအကြား ယုံကြည်မှုကို လှုံ့ဆော်နိုင်ရေး၊ စီးပွားရေးတိုးတက်မှုနှင့် စားသုံးသူများ၏ အကျိုးစီးပွား အကာအကွယ်ပေးရေးတို့ကို ရှေ့ရှုလျက် ၂၀၀၉ ခုနှစ်၊ တိကျစွာတိုင်းတာမှု အက် ဥပဒေပါ ရာဇဝတ်ကြောင်းအရ အရေးယူရန် ပြဌာန်းချက်များအား ဖြေလျော့ခြင်းကို ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source:         1. National Workshop to discuss decriminalization of Legal Metrology Act, 2009, 8-5-2022, Press Information Bureau of India

                   2. Shri Piyush Goyal emphasises balance between need to protect consumers, and preventing harassment of entrepreneurs, 9-5-2022, Press Information Bureau of India

(နေအေးလွင်)

စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့