စီးပွားရေးနှင့်ကုန်သွယ်ရေးသတင်းများ

Powered by Drupal

စားအုန်းဆီတင်ပို့မှုတားမြစ်ချက်အရှိန်မြှင့်တင်

          အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီကြမ်းနှင့် အခြားသန့်စင်ပြီးထုတ်ကုန်များပါဝင်သည့် ကျယ်ပြန့်သောစားအုန်းဆီ တင်ပို့မှုတားမြစ်ချက်ကို စတင်လိုက်ရာ နိုင်ငံတကာဝယ်လက်များကို အံ့အားသင့်သွားစေ‌ကြောင်း၊အစောပိုင်းတွင်စီးပွားရေးဝန်ကြီးက တားမြစ်ချက်တွင် သန့်စင်သော၊အရောင်ချွတ်ထားသော၊အနံ့ချွတ်ထားသောစားအုန်းဆီများသာ အကျုံးဝင်မည်ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ဧပြီလကုန်ပိုင်းတွင် အံ့အားသင့်စရာမူဝါဒအပြောင်းအလဲအဖြစ် အင်ဒိုနီးရှားအာဏာပိုင်များက စားအုန်းဆီကြမ်းနှင့် အခြားထုတ်ကုန်များပါဝင်မည်ဟု ကြေငြာခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးစားအုန်းဆီထုတ်လုပ်သူဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာထောက်ပံ့မှု၏ ၃  ပုံ ၁ ပုံခန့်ကို ထောက်ပံ့ပေးနိုင်ရာ ယင်းမူဝါဒအပြောင်းအလဲက ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးအပေါ်  ချက်ချင်းသက်ရောက်မှုရှိခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံးရောင်းချသူ မလေးရှားနိုင်ငံ၏ စားအုန်းဆီအနာဂတ်ကို ၉.၈ %အထိ မြင့်တက်လာစေခဲ့ကြောင်း၊အင်ဒိုနီးရှားသမ္မတကနိုင်ငံတွင် စားနပ်ရိက္ခာလုံခြုံမှုရှိစေရေးလိုလားသဖြင့် ပြည်တွင်းဈေးကွက်တွင် ဟင်းချက်ဆီများပေါများပြီး တတ်နိုင်သည့်အနေအထားဖြစ်လာစေရန် ဤမူဝါဒကို အကောင်အထည်ဖော်ကာ စောင့်ကြည့်အကဲဖြတ်မည်ဟု ပြောကြားခဲ့ကြောင်း၊ အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာန၏ စည်းမျဉ်းများအရ ၂၇.၄.၂၀၂၂ ရက်နေ့အထိ အကောက်ခွန်ကြေညာချက် ရယူထားပြီးသည့် ပို့ကုန်လုပ်ငန်းရှင်များ၏ ကုန်စည်များကိုတင်ပို့ခွင့်ရှိကြောင်း၊ စီးပွားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း ဟင်းချက်ဆီအမြောက်အများဈေးနှုန်းသည် တစ်လီတာလျှင် အင်ဒိုနီးရှားရူပီး (၁၄၀၀၀)(၁.၃၅ဒေါ်လာ)သို့ ကျဆင်းသွားသောအခါ တားမြစ်ချက်ကို ရုတ်သိမ်းသွားမည်ဟုပြောကြားခဲ့ကြောင်း၊တင်ပို့မှုတားမြစ်ချက်ကို လိုက်နာရန် အင်ဒိုနီးရှားကသရုပ်ပြလိုက်သည့်အနေဖြင့် အဆိုပါ စီမံဆောင်ရွက်ချက် စတင် သက်ဝင်ခြင်းမရှိမီ တစ်ရက်အလိုတွင်  စာရွက်စာတမ်းကွဲလွဲမှုများကြောင့် စားဆီအုန်းဆီကြမ်း၊ စားအုန်းဆီနှင့် မီသနောတို့ တင်ဆောင်လာသည့် ဆီတင်သင်္ဘောနှစ်စင်းကို အင်ဒိုနီးရှား ရေတပ်ကသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

၁၁ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် အတိုးနှုန်းမြှင့်တင်လိုက်ခြင်း

          Reserve Bank of Australia (RBA)သည် အတိုးနှုန်းထားကို ၁၁ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် တိုးမြှင့်လိုက်ပြီးနောက် နိုင်ငံ၏ဘဏ်ကြီး(၄)ခုအနက်(၃)ခုသည် ယင်းတို့၏ ဖောက်သည်များအတွက်  အတိုးနှုန်းထားမြှင့်တင်ပြီးဖြစ်ကြောင်း၊(၄.၅.၂၀၂၂ )ရက်နေ့တွင် RBA သည် အတိုးနှုန်းထားကို ၀.၂၅ % တိုးမြှင့်ခြင်းဖြင့် ၀.၁၀% မှ  ၀.၃၅ % သို့ မြင့်တက်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ် အတိုးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊The Commonwealth Bank သည် မေလ ၂၀ ရက်နေ့မှစတင်၍ ငွေချေးစာချုပ်များအတွက်  ၀.၂၅% တိုးမြှင့်ခြင်းဖြင့် RBA  ၏ အတိုးနှုန်း မြင့်တက်မှုကိုတုံ့ပြန်လိုက်သည့် ပထမဆုံးအဓိကဘဏ်ကြီးဖြစ်ပြီး ANZ Bank သည် မေလ ၁၃ ရက်မှ စတင်၍ အတိုးနှုန်းထားမြင့်တက်မည်ဖြစ်ကြောင်း၊ Reserve Bank မှ Governor က  မကြာသေးမီက အလွန်မြင့်မားသောငွေကြေးဖောင်းပွမှု ကိန်းဂဏန်းများနှင့် အလုပ်သမားများလုပ်ခလစာ တိုးမြင့်လာသည်ဟူသော အထောက်အထားများပေါင်းစပ်မှုသည် အရေးပေါ်အတိုးနှုန်းနိမ့်ကျမှုမှ ပုံမှန် အတိုးနှုန်းပြုလုပ်ရန် အချိန်မှန်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ Reserve Bank သည် ယခုအခါ ယင်း၏ ငွေကြေးဖောင်းပွမှုခန့်မှန်းချက်များကို သိသာစွာတိုးမြှင့်လာခဲ့ကြောင်း၊စားသုံးသူဈေးနှုန်းများသည် ယခုနှစ်တွင် ၆% အထိမြင့်တက်လာရန်ညွှန်ပြနေပြီး ၂၀၂၄ ခုနှစ်တွင် နှစ်စဉ် ၃% ဖြင့် ကြီးထွားနေဆဲ ဖြစ်ကြောင်း၊အတိုးနှုန်းသည် ၂၀၂၄ ခုနှစ်အထိ မြင့်တက်ဖွယ်မရှိနိုင်ဆိုသည့် ယခင်နှစ်ကခန့်မှန်းချက်များဖြင့် ပမာဏများပြားသော ငွေချေးစာချုပ် ချုပ်ဆိုခဲ့ကြသူများအတွက် စိန်ခေါ်မှုများရှိနေ‌ကြောင်း ၊ ကျွမ်းကျင်သူများက အတိုးနှုန်းမြင့်တက်မှုကြောင့် အိမ်ခြံမြေဈေးနှုန်းများကျဆင်းနိုင်သည်ဟု ခန့်မှန်း ထားကြောင်း သိရှိရပါသည်။

(ရင်းမြစ်- ကင်ဘာရာမြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ပြောင်းစိုက်ပျိုးထုတ်လုပ်မှု ၃ ဆအထိ တိုးတက်ထုတ်လုပ်ရန်စီမံကိန်းဖြင့်ဆောင်ရွက်နေ

          ဘရာဇီးလ်နိုင်ငံတွင် ပြောင်းအမြောက်အများ စိုက်ပျိုးထုတ်လုပ်သည့် Sao Paulo ပြည်နယ်၌ နှစ်စဉ်ပြောင်းတန်ချိန် ၃.၃ သန်းအား စိုက်ပျိုးထုတ်လုပ်လျှက်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် ပြောင်းတန်ချိန် ၁၁ သန်းအထိစိုက်ပျိုးထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေးကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ Ribeirao Preto မြို့တွင်ကျင်းပပြုလုပ်သည့် လယ်ယာသုံးစက်ကိရိယာပစ္စည်းပြပွဲတွင် ပြည်နယ်အစိုးရက ထုတ်ပြန်ကြေငြာခဲ့ကြောင်း ၊ Sao Paulo ပြည်နယ်တွင်  ပြောင်းစိုက်ပျိုးထုတ်လုပ်ရေး အစီအစဉ် Milho+SP အား  ပြည်နယ်အစိုးရ၊ စိုက်ပျိုးရေးကုမ္ပဏီများနှင့် လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်သည့်ကုမ္ပဏီများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပြီး Sao Paulo  ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကုမ္ပဏီများက တောင်သူများထံသို့ ပြောင်းစိုက်ပျိုးမှုဆိုင်ရာနည်းပညာများအား ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ Milho+ SP အစီအစဉ်တွင် ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကုမ္ပဏီများအပါအဝင် ပြောင်းစိုက်တောင်သူဉီးရေ (၁)သိန်းကျော်  ပူးပေါင်းပါဝင်မည် ဖြစ်ကြောင်း၊Sao Paulo ပြည်နယ်၏ တစ်နှစ်ပြောင်းစားသုံးမှုနှုန်းသည် တန်ချိန် ၈.၉ သန်းခန့်ရှိပြီး ပြည်နယ်အတွင်းမှ ပြောင်းတန်ချိန် ၃.၃ သန်းကျော်သာ စိုက်ပျိုးထုတ်လုပ်နိုင်သဖြင့် အခြားပြည်နယ်များမှ ပြောင်းတန်ချိန် ၅.၆ သန်းခန့်အား နှစ်စဉ်တင်သွင်းနေရကြောင်း၊ ပြည်နယ်အတွင်းတွင် ပြောင်းစိုက်ပျိုးမြေဟက်တာ ၁၅.၈ သန်းကျော် ရှိသည့်အနက် ကြံစိုက်ပျိုးဧရိယာသည် ၅.၄ သန်းကျော် ရှိနေသည်ဟု စိုက်ပျိုးရေးကုမ္ပဏီ Horizon က ပြောကြားခဲ့ကြောင်း၊ပြောင်းစိုက်ပျိုးရေးစီမံကိန်း Corn + SP အစီအစဉ်ကို  ပြည်နယ်၏ အနောက်မြောက်ပိုင်းဒေသများတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းခြင်း၊စိုက်ပျိုးရေးအတွက်  ရာသီဥတုကောင်းမွန်ခြင်းနှင့် ပြောင်းစားသုံးမှု မြင့်မားခြင်းတို့ကြောင့် အဆိုပါဒေသအားရွေးချယ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)